The network connection is lost.

Banner Image

ဆာဘတ်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ကစားဟန်ကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ မိုက်ကယ်ကာရစ်

မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က ဆာဘတ်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကြာသပတေးနေ့ချန်ပီယံလိဂ်ပွဲစဉ်မှာ သူ့အသင်းရဲ့ကစားကွက်ပုံစံကို အလွန်သဘောကျနေခဲ့ပါတယ်။
 
အခုပွဲစဉ်က ကာရစ်အတွက် သရဲနီအသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် ပထမဆုံးကိုင်တွယ်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်ပါတယ်။ အတိတ်မှာတော့ ကာရစ်က ယာယီနည်းပြအဖြစ် ဗီလာရီးရဲလ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ချန်ပီယံလိဂ်ပွဲစဉ်ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

သရဲနီတွေအတွက် ကွန်ဟာ၊ ဘရူနိုဖာနန်ဒက်စ်၊ ဆက်စ်ကိုနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ရဲ့ သွင်းဂိုးတွေက အဇာဘိုင်ဂျန်ကလပ်အသင်းကို သက်သောင့်သက်သာအနိုင်ယူဖို့ လုံလောက်ခဲ့ပါတယ်။

ပွဲစဉ်အပြီး TNT Sports နဲ့ တွေ့ဆုံချိန် ကာရစ်က သူ့အသင်းရဲ့ကစားပုံစွမ်းဆောင်ရည်အပေါ် အပြည့်အဝချီးကျူးခဲ့ပါတယ်။
 
"ဂိုးမပေးရဘဲ ပွဲစဉ်ကို အနိုင်ရရှိခဲ့တယ်ဆိုတာ အလွန်ကောင်းပါတယ်။ ကျွန်တော်တို့ကစားခဲ့တဲ့ တချို့ပုံစံတွေက အလွန်ကောင်းမွန်ခဲ့သလို ခံစစ်တိုက်စစ်အကူးအပြောင်းတွေမှာလည်း ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်" လို့ ကာရစ်က ပြောပါတယ်။
 
"ပြိုင်ဘက်အသင်းကိုလည်း အသိအမှတ်ပြုရပါမယ်။ သူတို့က ရင်ဆိုင်ရခက်တဲ့ အသင်းတစ်ခုပါ။ ရလဒ်ပိုင်းအရ သက်တောင့်သက်သာရှိလှပေမဲ့ ပွဲစဉ်တစ်လျှောက်လုံးတော့ သက်သောင့်သက်သာ မဖြစ်ခဲ့ပါဘူး။ ဒီညမှာ ကောင်းမွန်တဲ့အရာတွေ အများကြီးလုပ်ဆောင်နိုင်ခဲ့လို့ ရလဒ်ကောင်းခဲ့တာပါ"လို့လည်း ကာရစ်က ဆိုပါတယ်။
 
ကွင်းလယ်လူမိုင်နူးနဲ့ပတ်သက်လို့လည်း သရဲနီနည်းပြက "သူက တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာ အားလုံးအမြင်ပါပဲ။ ကျွန်တော်တို့ရဲ့ပွဲစဉ်တွေအပေါ်မှာလည်း သူက အများကြီးလွှမ်းမိုးမှုရှိပါတယ်။ သူ့လိုကစားသမားမျိုး ရှိနေလို့ အလွန်ပျော်စရာကောင်းပါတယ်။ သူကလည်း အမြဲတိုးတက်ချင်သလို နားထောင်ချင်စိတ်လည်းရှိလို့ ဒါကိုမြင်တွေ့ရတာ ဝမ်းသာစရာပါပဲ"လို့ ပြောပါတယ်။
 
ကွင်းလယ်အချိတ်အဆက်နဲ့ပတ်သက်ပြီး ကာရစ်က "ကျွန်တော်တို့ဆီမှာ တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားတွေ ရှိပါတယ်။ မေဆန်မောင့်နဲ့ အန်ဒရေဆန်းတို့စ်တို့ ပါဝင်လာတယ်ဆိုတာ ကောင်းပါတယ်။ ကွင်းလယ်ပိုင်းမှာ ကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့သလို ပွဲကောင်းတစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်"
 
"ဒါတွေက တစ်ဦးနဲ့တစ်ဦး ဘောလုံးပေးပို့ချင်တဲ့နေရာကို နားလည်မှုရှိနေကြလို့ပါပဲ။ အခုရာသီမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိပြီး ပိုမိုတိုးတက်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်"
 
"ကျွန်တော်တို့အတွက် ပြီးပြည့်စုံတဲ့ရာသီသစ်စတင်မှုမျိုး မဖြစ်လာပေမဲ့ ကောင်းမွန်တဲ့ အရိပ်အယောင်တွေ ရှိနေပါပြီ။ အိမ်ကွင်းချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို အနိုင်ရလဒ်နဲ့ စတင်နိုင်တယ်ဆိုတာ တကယ်ကောင်းပါတယ်" လို့ ဆိုပါတယ်။