ထရွန်ဆိုအသင်းနဲ့ သရေကျခဲ့ပေမဲ့ ဘရိုက်တန်အတွက် သတိပေးချက်ထုတ်ပြန်လိုက်တဲ့ ဟာဇလာ
ဘရိုက်တန်အသင်းနည်းပြဟာဇလာက ယူအီးအက်ဖ်အေကွန်ဖရန့်လိဂ်ပြိုင်ပွဲအုပ်စုအဆင့်မှာ သူ့ရဲ့အသင်း ပါ၀င်နိုင်ဖို့အတွက် လုပ်ဆောင်ရမယ့်အရာတွေ ရှိနေသေးတယ်လို့ ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့၊ နော်ဝေမြေမှာ ထရွန်ဆိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပေမဲ့ ဘရိုက်တန်အသင်းက ခြေစစ်ပွဲအဆင့်ကျော်ဖြတ်နိုင်ဖို့ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လာမယ့်ကြာသပတေးနေ့၊ အေမက်ကွင်းဒုတိယအကျော့ပွဲစဉ်မှာလည်း နော်ဝေကလပ်အသင်းရဲ့ ပြင်းထန်တဲ့စိန်ခေါ်မှုတစ်ခု ထပ်ရှိလာလိမ့်ဦးမယ်လို့ ဟာဇာလာက ယုံကြည်နေပါတယ်။
ဘရိုက်တန်နည်းပြက ပထမအကျော့သရေရလဒ်အပေါ် ပြန်သုံးသပ်ခဲ့ပြီး သူ့ရဲ့ကစားသမားတွေကို အာရုံစူးစိုက်မှုရှိရှိ ဆက်ကစားသွားဖို့ တိုက်တွန်းခဲ့ပါတယ်။
"ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ ထင်ပေမဲ့ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ လျင်မြန်မှုပိုင်း လိုအပ်ခဲ့ပါတယ်" လို့ ဟာဇလာက ဘရိုက်တန်အသင်းဝက်ဘ်ဆိုဒ်ဆီ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့မှာ အခွင့်အရေးတချို့ ရရှိခဲ့ပေမဲ့ ယေဘုယျအားဖြင့် ထရွန်ဆိုအသင်း ကောင်းကောင်းကာကွယ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။
တိုက်စစ်ခံစစ်အကူးအပြောင်းအချိန်တွေမှာ ပြိုင်ဘက်အတွက် ကြီးမားတဲ့အခွင့်အရေးနှစ်ကြိမ် ရှိခဲ့ပြီး ကျွန်တော်တို့က ခံစစ်ပိုင်းကို ပိုကောင်းအောင် ကာကွယ်ဖို့ လိုအပ်ပါတယ်။ ယေဘုယျအားဖြင့်တော့ သူတို့က ကျွန်တော်တို့ မျှော်လင့်ထားသလိုမျိုး ခက်ခဲတဲ့ ပြိုင်ဘက်တစ်ဦး ဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။