The network connection is lost.

Banner Image

ဖာရန်တောရက်စ်ရဲ့ အသင်းပြောင်းရွှေ့မယ့် အရိပ်အမြွက်ပြောဆိုမှုတွေကြောင့် ဘာစီလိုနာ စိတ်ပျက်နေ

ဘာစီလိုနာအသင်းက ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်အတွက် ဖာရန်တောရက်စ် ပြန်လည်ပူးပေါင်းလာချိန် စာချုပ်သက်တမ်းတိုးမြှင့်ရေးကိစ္စကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ၊ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့ချိန် အဆုံးအဖြတ်အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဖာရန်တောရက်စ်က လတ်တလောမှာ ရေပန်းအစားဆုံးကစားသမားတစ်ဦး ဖြစ်နေပါတယ်။

အသက် ၂၆ နှစ်အရွယ် ဖာရန်တောရက်စ်ဟာ ပြီးခဲ့တဲ့ရာသီ၊ ပြိုင်ပွဲစုံ ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝအကောင်းဆုံးစံချိန်ကို တင်နိုင်ခဲ့သလို အသင်းအတွက် နှစ်နှစ်ဆက်လာလီဂါချန်ပီယံဘွဲ့ရရှိမှုကိုလည်း အကောင်းဆုံးကူညီပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အသင်းမှထွက်ခွာသွားတဲ့ လီဝန်ဒေါစကီးရဲ့နေရာမှာ အစားထိုးဝင်ရောက်မယ့်သူအဖြစ် ဖာရန်တောရက်စ်ကို ယူဆထားကြပါတယ်။

ဒါပေမဲ့ သူ့ရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ဆီ ရောက်ရှိလာဖို့ရှိသလို သူသာ ဘာစီလိုနာရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်မယ်ဆိုရင် ပီအက်စ်ဂျီက ကစားသမားအတွက် လမ်းဖွင့်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မူလအစီအစဉ်အရ ဘာစီလိုနာက စက်တင်ဘာလရောက်ရှိချိန်မှသာ စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဆိုရင် ပီအက်စ်ဂျီအသင်းရဲ့ကြိုးပမ်းမှုလည်း မရှိနိုင်တော့ပေမဲ့ ဘာစီလိုနာဘက်မှာလည်း ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်သွားရမယ့်ကိစ္စအပေါ် စိုးရိမ်နေပါတယ်။

အမေရိကန်သတင်းဌာန NBC နဲ့ တွေ့ဆုံချိန် ဖာရန်တောရက်စ်က "လောလောဆယ် ကျွန်တော့်မှာ ဘာစီလိုနာနဲ့ စာချုပ်ရှိပါတယ်။ ဒါပေမဲ့ ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ်" လို့ ပြောဆိုခဲ့မှုကြောင့် သူ့ရဲ့ အနာဂတ်အပေါ် ပိုပြီး ဝေခွဲမရ ဖြစ်လာစေပါတယ်။

"ဘာစီလိုနာဘက်က ကျွန်တော့်ကို လိုလိုလားလားရှိတယ်ဆိုတာ ပြသဖို့ လိုပါတယ်။ သူတို့ လာပြီး ဆွေးနွေးလို့ ရပါတယ်၊ အဲဒီအချိန်ဆိုရင်တော့ အရာအားလုံးကို ဆွေးနွေးဖြစ်ပါလိမ့်မယ်။ အခုလောလောဆယ် ကျွန်တော် သိထားတာကတော့ ၁၂ ရက်နေ့မှာ လေ့ကျင့်ခန်းဆင်းဖို့ ပြန်သွားရမယ်ဆိုတာပါပဲ။ ဘာဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရမှာပေါ့။ ကျွန်တော်ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ စောင့်နေပါတယ်။ အခုထိတော့ ဘာမှ မသိသေးပါဘူး" လို့ သူက ဆိုပါတယ်။

Marca ရဲ့ဖော်ပြချက်အရ ဖာရန်တောရက်စ်ရဲ့အခုလိုပြောဆိုမှုကြောင့် ဘာစီလိုနာအသင်း အလွန်အမင်းမထိတ်လန့်သွားပေမဲ့ အပြောင်းအရွှေ့ကိစ္စတွေကို လူသိရှင်းကြားထုတ်ပြန်လာမှုအပေါ် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ လတ်တလောမှာ အသင်းက ကစားသမားအတွက် စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

နည်းပြဟန်ဆီဖလစ်ကတော့ ဖာရန်တောရက်စ် စာချုပ်သက်တမ်းတိုးမြှင့်နိုင်မယ်လို့ ယုံကြည်နေပြီး ဘာစီလိုနာရဲ့မူလအချိန်ဇယားကို ပြောင်းလဲလိုက်ရဖို့ ရှိနေပါတယ်။