အသင်းမှ ယန်ဒီအိုမန်ဒီ ထွက်ခွာတော့မယ်လို့ ခန့်မှန်းနေကြသူတွေကို လိုက်ပ်ဇစ်အကြီးအကဲ ဝေဖန်
ယန်ဒီအိုမန်ဒီရဲ့ လိုက်ပ်ဇစ်မှထွက်ခွာမယ့် အပြောင်းအရွှေ့ကိစ္စက လာမယ့်ရက်ပိုင်းအတွင်း နောက်ထပ်အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။
၂၀၂၆ ခုနှစ်အတွင်း အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့အတွက် ဥရောပအသင်းကြီးအတော်များများ မျက်စိကျနေခဲ့ပါတယ်။ လက်ရှိမှာတော့ လီဗာပူးနဲ့ ပီအက်စ်ဂျီတို့ကို ကျော်ဖြတ်ပြီး မော်ရင်ဟိုရဲ့ရီးရဲလ်မက်ဒရစ်က သူ့ကိုခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားက လိုက်ပ်ဇစ်နဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်း ရှိနေလို့ ဂျာမန်ကလပ်အသင်းမှာ ညှိနှိုင်းမှုတွေအတွက် အသာစီးရရှိနေပြီးပြောင်းရွှေ့ပမာဏလည်း ယူရိုသန်း ၁၂၀ ကျော်အထိ ရှိလာနိုင်ပါတယ်။
အပြောင်းအရွှေ့အပြီးသတ်ဖို့ နီးစပ်နေပြီလို့ အချက်အလက်တွေ ပြနေပေမဲ့ လိုက်ပ်ဇစ် အားကစားဒါရိုက်တာမာဆယ်ရှာဖာကတော့ ရာသီကြိုအစီအစဉ်တွေမှာ မပါဝင်နိုင်တဲ့ ဒီအိုမန်ဒီကို အသင်းမှထွက်ခွာသွားပြီလို့ ရေးသားနေကြတဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
"ကိုယ့်ကိုယ်ကိုယ် အပြောင်းအရွှေ့ကျွမ်းကျင်သူလို့ ခေါ်နေသူတချို့က အပြောင်းအရွှေ့ကိစ္စ အပြီးသတ်သွားပြီ၊ ဒီအိုမန်ဒီကို ထွက်ခွာခွင့်ပေးလိုက်ပြီလို့ လွန်ခဲ့တဲ့ရက်ပိုင်းတွေမှာ သတင်းတွေ လွှင့်နေကြပါတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး၊ ကျွန်တော်တို့ အဲဒီအဆင့်ဆီ မရောက်သေးပါဘူး" လို့ ရှာဖာက ဆိုပါတယ်။
ဒါ့အပြင် လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ဒီအိုမန်ဒီရဲ့အေးဂျင့်ဟောင်းမက်စ်ဂရာဒယ်လ်ရဲ့ ဖိဖာဆီ တိုင်ကြားထားမှုကလည်း အခုညှိနှိုင်းမှုတွေအပေါ် အနှောင့်အယှက်မဖြစ်စေဘူးလို့ ရှာဖာက အတည်ပြုပါတယ်။
"အေးဂျင့်အပြောင်းအလဲ ရှိခဲ့ပါတယ်။ အခု ကျွန်တော်တို့ ဆက်သွယ်ဆောင်ရွက်နေတာက Roc Nation အေဂျင်စီနဲ့ပါ။ တကယ်လို့ အပြောင်းအရွှေ့တစ်ခုဖြစ်လာမယ်ဆိုရင်တောင် တခြားပြဿနာတွေကြောင့် ပျက်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး" လို့ ရှာဖာက ပြောပါတယ်။
ဒီယိုမန်ဒီက လိုက်ပ်ဇစ်ရဲ့ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ခြင်းမရှိဘဲ လိဒ်ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ရင်ဆိုင်ရမယ့် လာမယ့်ခြေစမ်းပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိပါတယ်။