The network connection is lost.

Banner Image

တိုက်စစ်မှူးအသစ်တစ်ဦး ခေါ်ယူချင်နေတဲ့ ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်

ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က လီဝန်ဒေါစကီးနဲ့ ရက်ရှ်ဖို့ဒ်တို့ ထွက်ခွာသွားသလို ဖာရန်တောရက်စ်ရဲ့အနာဂတ်လည်း မရေမရာဖြစ်နေလို့ စပိန်ချန်ပီယံတွေအတွက် တိုက်စစ်ပိုင်းမှာ မဖြစ်မနေ အင်အားဖြည့်တင်းသွားရမယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းက အက်သလက်တီကိုမက်ဒရစ်နဲ့ အာဂျင်တီးနားတိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

"ကျွန်တော်ကတော့ အားကစားဒါရိုက်တာဒေကိုအပေါ် အပြည့်အ၀ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ရမယ်ဆိုတာ သိထားကြပါတယ်" လို့ ဘာစီလိုနာအသင်း လေ့ကျင့်ခန်းဆင်းနေတဲ့ အင်္ဂလန်နိုင်ငံ၊ St. George's Park မှာ ပြုလုပ်တဲ့ အသင်းတွင်းခြေစမ်းပွဲအပြီး ဟန်စီဖလစ်ခ်က သတင်းထောက်တွေကို ပြောပါတယ်။

"ဒါက ဖာရန်တောရက်စ်ရဲ့အခြေအနေအပေါ်မှာလည်း မူတည်နေပါတယ်" လို့ သူက ဆိုပါတယ်။

အာဂျင်တီးနားကို အနိုင်ယူပြီး ကမ္ဘာ့ဖလားဗိုလ်စွဲနိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ အဆုံးအဖြတ်အနိုင်ဂိုးသွင်းယူခဲ့တဲ့ စပိန်လက်ရွေးစင်တိုက်စစ်မှူးက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိပါတော့တယ်။ သူ့ကို စပိန်နည်းပြဟောင်းလူးဝစ်အင်းနရစ်ကိုင်တွယ်တဲ့ ချန်ပီယံလိဂ်ချန်ပီယံပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ဘာစီလိုနာက အခုနွေရာသီမှာ အန်သိုနီဂေါ်ဒွန်နဲ့ အဒီယီမီတို့ကို အသင်းကြီးအတွက် ခေါ်ယူထားပြီး သူတို့နှစ်ဦးလုံးကို ဗဟိုတိုက်စစ်ပိုင်းမှာ အသုံးပြုနိုင်တယ်ဆိုတာလည်း ဟန်စီဖလစ်ခ်က အသိအမှတ်ပြုထားပါတယ်။

"ဂေါ်ဒွန်နဲ့ အဒီယီမီတို့က တောင်ပံနှစ်ဖက်စလုံးမှာရော၊ တိုက်စစ်မှူးနေရာမှာပါ ကစားနိုင်လို့ ကျွန်တော်တို့အတွက် ရွေးချယ်စရာတွေ အများကြီး ရှိနေပါတယ်" လို့ ဟန်စီဖလစ်ခ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စပိန်လူငယ်ကြယ်ပွင့်ယာမယ်လ်လည်း အထောင်တိုက်စစ်နေရာမှာ ကစားနိုင်စွမ်းရှိတယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။