The network connection is lost.

Banner Image

ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကို ဥပဒေကြောင်းအရ တရားစွဲဆိုဖို့ ယူအီးအက်ဖ်အေ ပြင်ဆင်နေ

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က "FIFA Forward Enterprise" (FFE) လို့အမည်ပေးထားတဲ့ စီမံကိန်းတွေနဲ့ပတ်သက်လို့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ ဥက္ကဋ္ဌ အင်ဖန်တီနိုတို့က ကမ္ဘာ့ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလို အကြီးကျယ်ဆုံးပြိုင်ပွဲတွေကို စီမံခန့်ခွဲဖို့အတွက် FFE လို့ အမည်ရတဲ့ စီးပွားရေးဆိုင်ရာကုမ္ပဏီခွဲတစ်ခု တည်ထောင်ဖို့ စီစဉ်ခဲ့ပါတယ်။

အင်ဖန်တီနိုရဲ့အဆိုအရ တန်ဖိုးဒေါ်လာ ၂၀ ဘီလျံရှိမယ့် ဒီကုမ္ပဏီမှာ ပြင်ပရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာအနည်းငယ်ရောင်းချပြီး ဒေါ်လာ ၄ ဒဿမ ၂ ဘီလျံအထိ ရန်ပုံငွေရှာဖွေကာ ကမ္ဘာတစ်ဝန်း ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့ ယူအီးအက်ဖ်အေအပါအဝင် အဖွဲ့အစည်းအတော်များများက ဒီစီမံကိန်းရှိနေသရွေ့ ဖီဖာရဲ့ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြလို့ ဖီဖာဘက်က ဒီအဆိုပြုချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ယူအီးအက်ဖ်အေက စီမံကိန်းကို ပြန်ဖျက်သိမ်းလိုက်မှုအပေါ် ကြိုဆိုခဲ့ပေမဲ့ ဖီဖာနဲ့ အင်ဖန်တီနိုအပေါ်မှာတော့ အယုံအကြည် မရှိတော့ဘူးလို့ အတိအလင်းကြေညာထားပါတယ်။

ဗြိတိန်အခြေစိုက် The Telegraph သတင်းစာမှဖော်ပြခဲ့တဲ့ ပေးစာထဲမှာတော့ ယူအီးအက်ဖ်အေက FFE စီမံကိန်းနဲ့ပတ်သက်တဲ့ အထောက်အထားတစ်ခုခုကို ဖျက်ဆီးမယ်ဆိုရင် အင်ဖန်တီနိုကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

"ယူအီးအက်ဖ်အေက ဖီဖာအဆိုပြုခဲ့တဲ့ FFE စီမံကိန်းနဲ့ အဲဒါနဲ့ပတ်သက်တဲ့ ကိစ္စရပ်အားလုံးအပေါ် ဥပဒေကြောင်းအရ အရေးယူဖို့၊ ခုံရုံးတင်ဖို့ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်းဆိုင်ရာ တိုင်ကြားမှုတွေလုပ်ဖို့ အသေအချာစဉ်းစားနေတယ်ဆိုတာ အခုစာနဲ့တကွ အသိပေးလိုက်ပါတယ်" လို့ ဖော်ပြထားပါတယ်။

"အင်ဖန်တီနိုနဲ့ ဖီဖာတို့က သူတို့လက်ထဲမှာရှိတဲ့ ဒီစီမံကိန်းနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ အီလက်ထရွန်နစ်အချက်အလက်တွေ အားလုံးကို ရှာဖွေပြီး မပျက်စီးအောင် သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ ဒါက ခင်ဗျားတို့အဖွဲ့အစည်းရဲ့ ပုံမှန်စာရွက်စာတမ်းဖျက်ဆီးတဲ့ မူဝါဒတွေထက် ပိုပြီးအရေးတကြီးလုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်" လို့လည်း ဆိုပါတယ်။

လတ်တလောမှာ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကို ရာထူးမှနုတ်ထုတ်ပေးဖို့အတွက် အကြီးအကျယ်ဖိအားပေးနေကြပါတယ်။ ယူအီးအက်ဖ်အေကလည်း ခေါင်းဆောင်မှုအသစ်တစ်ခု အလိုရှိနေသလို အင်ဖန်တီနိုရဲ့နေရာမှာ အစားထိုးဖို့အတွက် မြောက်အမေရိကဘောလုံးအဖွဲ့ချုပ်(CONCACAF)ဥက္ကဋ္ဌ ဗစ်တာမွန်တာဂလီယာနီလည်း ရေပန်းစားနေပြန်ပါတယ်။

ယူအီးအက်ဖ်အေကတော့ အာရှဘောလုံးအဖွဲ့ချုပ်(AFC) နဲ့ မြောက်အမေရိကဘောလုံးအဖွဲ့ချုပ်(CONCACAF) တို့နဲ့အတူ ပူးပေါင်းပြီး အင်ဖန်တီနိုအပေါ် ဖိအားတွေ ထပ်တိုးလိုက်ပါတယ်။

"ယူအီးအက်ဖ်အေရော တခြားအဖွဲ့ချုပ်တွေ၊ ဖီဖာအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဘောလုံးလောကမှာ ပါဝင်ပတ်သက်သူတွေ အားလုံးက FFE စီမံကိန်းကို ဘောလုံးလောကရဲ့မှန်ကန်တဲ့စီမံခန့်ခွဲမှုနဲ့ လုံးဝကိုက်ညီမှုမရှိဘူးလို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကြပါတယ်။ အခုအခါမှာ တရားရင်ဆိုင်ဖို့တွေ ရှိလာနိုင်လို့ ဒီကိစ္စနဲ့သက်ဆိုင်တဲ့ အထောက်အထားအားလုံး ချက်ချင်းသိမ်းဆည်းထားဖို့ တာဝန်ရှိပါတယ်" လို့ ရေးသားထားပါတယ်။

"ဒီသတိပေးချက်ကို ရပြီးနောက်မှာ ဖြစ်စေ၊ ဒါမှမဟုတ် အရင်ကတည်းက ဖြစ်စေ အထောက်အထားတွေကို ဖျက်ဆီးတာ၊ ပြုပြင်တာ၊ ဖုံးကွယ်တာ ဒါမှမဟုတ် ပျောက်ဆုံးအောင်လုပ်တာမျိုးဟာ သက်သေအထောက်အထားတွေကို တမင်ဖျက်ဆီးတဲ့ ပြစ်မှုမြောက်နိုင်တယ်ဆိုတာကိုလည်း သတိပေးလိုက်ပါတယ်" လို့လည်း ပါရှိပါတယ်။

ယူအီးအက်ဖ်အေဟာ အင်ဖန်တီနိုကို ရာထူးမှ ကိုယ်တိုင်နုတ်ထွက်မလား သို့မဟုတ် အယုံအကြည်မရှိအဆိုနဲ့ ရင်ဆိုင်မလားဆိုတဲ့ ရွေးချယ်ခွင့်ကိုလည်း ပေးထားပါတယ်။ ကန့်ကွက်နေတဲ့အဖွဲ့ချုပ်တွေရဲ့အင်အားအရဆိုရင် အင်ဖန်တီနိုကိုယ်တိုင် ရာထူးမှဖယ်ရှားခံရဖို့ သေချာသလောက် ဖြစ်နေပါတယ်။

ယူအီးအက်ဖ်အေက သူတို့ရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်ဖို့အတွက် အင်ဖန်တီနိုကို ငါးရက် အချိန်ပေးထားပါတယ်။

"ဒီသတိပေးစာ ရရှိတယ်ဆိုတဲ့ အကြောင်းကို ရုံးဖွင့်ရက်ငါးရက်အတွင်း စာနဲ့တရားဝင် ပြန်ကြားပေးဖို့ ယူအီးအက်ဖ်အေက တောင်းဆိုပါတယ်။ အဲဒီပြန်ကြားစာမှာ (၁) ဒီသတိပေးချက်ကို လက်ခံရရှိပြီး နားလည်ကြောင်း၊ (၂) လိုအပ်တဲ့ အထောက်အထားတွေကို သိမ်းဆည်းဖို့ ချက်ချင်း လုပ်ဆောင်ပြီးကြောင်း၊ (၃) ဒီအချက်တွေကို လိုက်နာဖို့အတွက် အဖွဲ့အစည်းရဲ့တာဝန်ရှိသူ ဘယ်သူဖြစ်ကြောင်းနဲ့ (၄) တကယ်လို့ ဖျက်ဆီးလိုက်တဲ့ အထောက်အထားတွေ ရှိခဲ့မယ်ဆိုရင်လည်း ဘာကြောင့်ဖျက်ဆီးလိုက်သလဲဆိုတဲ့  အသေးစိတ်အချက်အလက်တွေကို တင်ပြပေးရပါလိမ့်မယ်" လို့ ယူအီးအက်ဖ်အေရဲ့စာမှာ ဖော်ပြထားပါတယ်။