အင်္ဂလိပ်ဘောလုံးလောကရဲ့ DNA ကြောင့် ကမ္ဘာ့ဖလားဖိုင်နယ်နဲ့ လွဲချော်သွားခဲ့တယ်လို့ ဝေဖန်ခဲ့တဲ့ တူချယ်
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ အာဂျင်တီးနားကို ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲလွဲချော်ပြီးနောက် အင်္ဂလိပ်ဘောလုံးလောကရဲ့ DNA(ပင်ကိုယ်ဗီဇ)ကို သောမတ်စ်တူချယ်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အဲ့ဒီပွဲစဉ်မှာ အင်္ဂလန်အသင်းက ပွဲချိန် ၅၅ မိနစ်မှာတင် ဂေါ်ဒွန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းလူစားလဲထည့်သွင်းမှုတွေ အများအပြားပြုလုပ်ခဲ့တဲ့ တူချယ်ကြောင့် ပြိုင်ဘက်အာဂျင်တီးနားကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပါတယ်။
ဒါကြောင့် တူချယ်ရဲ့ပွဲချဉ်းကပ်မှုအပေါ် ဝေဖန်မှုတွေ အများကြီးထွက်ပေါ်နေသလို ကစားသမားတွေကိုယ်တိုင်တောင် သူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ အံ့ဩမှင်သက်ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် တူချယ်က သူ့ရဲ့အလုပ်အပေါ် ဆက်လက်အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့သလို သူ့ရဲ့နည်းဗျူဟာတွေကြောင့် မဟုတ်ဘဲ အင်္ဂလိပ်ဘောလုံးလောကရဲ့ 'DNA' ကြောင့်သာ အခုရှုံးနိမ့်ခဲ့တယ်လို့ အပြစ်ပုံချခဲ့ပါတယ်။
"အဲဒီအချိန်မှာ ကျွန်တော့်ခံစားချက်က ဘယ်လိုကစားကွက်မျိုးနဲ့မှ ကျွန်တော်တို့ကို မကူညီနိုင်တော့ဘူးဆိုတာပါပဲ" လို့ တူချယ်က ဆိုပါတယ်။ "ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အရမ်းအားနည်းနေခဲ့သလို လုံလောက်တဲ့ ရုပ်ပိုင်းကြံ့ခိုင်မှုမျိုးလည်း မရှိတောပါဘူး။ ကျွန်တော်တို့ရဲ့ဂိုးဧရိယာဆီ ပြေးဝင်လာတဲ့သူတွေကို မတားဆီးနိုင်ခဲ့သလို ဘောလုံးပေးပို့မှုတွေလည်း လွဲမှားနေခဲ့ပါတယ်"
"ကိန်းဂဏန်းအချက်အလက်တွေကိုတော့ အသေအချာမကြည့်ရသေးပါဘူး၊ ဒါပေမဲ့ ဂိုးရပြီးပြီးချင်းမှာပဲ ပွဲအရှိန်အဟုန်က တခြားဘက်ဆီ လုံးဝရောက်သွားပြီး ဘောလုံးပိုင်ဆိုင်မှုလည်း အများကြီးကျဆင်းသွားခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးလုတာတွေ မလုပ်နိုင်တော့လို့ ခံစစ်ကို ပိုပြီး ဆင်းကစားခဲ့တာပါ။ ဒါ ကျွန်တော်တို့စီမံထားသလို မဟုတ်ပေမဲ့ အမှန်တကယ်ဖြစ်ပျက်သွားခဲ့ပါတယ်"
"ကွင်းလယ်မှတဆင့် ပြေးတက်လာတဲ့ ကစားသမားတွေကို ကျွန်တော်တို့ရဲ့နေရာလွတ်တွေမှာ မတားဆီးနိုင်ခဲ့သလို ပြိုင်ဘက်ရဲ့ဘောလုံးပေးပို့ပုံတွေကလည်း ထိပ်တန်းအဆင့်မှာ ရှိနေခဲ့ပါတယ်။ ခံစစ်ဖိအားတွေကို ကျော်လွှားပြီး ပွဲအရှိန်အဟုန်ပြန်ရဖို့ဆိုရင် ဘောလုံးကို ပြန်ထိန်းနိုင်ဖို့ လိုအပ်ပါတယ်"
"ဘောလုံးပိုင်ဆိုင်မှုက အရမ်းအရေးကြီးတဲ့နေရာမှာ ရှိပါတယ်။ ဘောလုံးကို ကိုင်ထားပြီး ပွဲကို ထိန်းချုပ်ကစားနိုင်ဖို့ဆိုတာ စပိန်၊ အာဂျင်တီးနား ဒါမှမဟုတ် ဘရာဇီးလ်တို့လို ဘောလုံး DNA မျိုးရှိဖို့ လိုအပ်ပေမဲ့ ကျွန်တော်တို့မှာ မရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။