The network connection is lost.

Banner Image

နိုင်ပွဲအပြီး အောင်ပွဲခံချိန် ကြော်ငြာဆိုင်းဘုတ်ပေါ်မှပြုတ်ကျကာ ဒဏ်ရာရရှိသွားတဲ့ ဂျော်ဒန်ဟန်ဒါဆန်

Estadio Azteca ကွင်းမှာ မက္ကဆီကိုအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး အောင်ပွဲခံချိန် ကြော်ငြာဆိုင်းဘုတ်ပေါ်မှ ပြုတ်ကျကာ ဂျော်ဒန်ဟန်ဒါဆန် မထင်မှတ်ဘဲ ဒဏ်ရာတစ်ခု ရရှိသွားခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင်မက္ကဆီကိုနဲ့ နာမည်ကြီးအင်္ဂလန်တို့ ထပ်တိုက်ရင်ဆိုင်ကစားရာ ၂-၃ ဂိုးဖြင့် သောမတ်တူချယ်ရဲ့အသင်း ခက်ခက်ခဲခဲ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ ဟန်ဒါဆန်ရဲ့ မထင်မှတ်ထားတဲ့ ဒဏ်ရာရရှိမှုကြောင့် အင်္ဂလန်အသင်းရဲ့အောင်ပွဲက စိတ်မကောင်းစရာ ဖြစ်လာခဲ့ရပါတယ်။ အင်္ဂလန်ကစားသမားတွေက နိုင်ပွဲရရှိချိန်တိုင်း ပရိသတ်တွေနဲ့အတူ "Wonderwall" သီချင်းကို သီဆိုကာ အောင်ပွဲခံခဲ့ကြပါတယ်။ ဒီနောက် ဟန်ဒါဆန်က ကြော်ငြာဆိုင်းဘုတ်တွေကိုကျော်ပြီး ကွင်းတွင်းပြန်ဝင်ရောက်ချိန် ပြုတ်ကျကာ ပြန်မထနိုင်တော့ပါဘူး။

ဟန်ဒါဆန်ကို ဆေးအဖွဲ့ကုသပေးခဲ့ပြီးနောက် လူနာတင်ထမ်းစင်ဖြင့် အင်္ဂလန်အသင်းအဝတ်လဲခန်းဆီ သယ်ထုတ်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး ဟန်ဒါဆန်အတွက် အခုကမ္ဘာ့ဖလားခရီးစဉ်အဆုံးသတ်တောင် ဖြစ်သွားနိုင်ပါတယ်။ သူက အင်္ဂလန်အသင်းနဲ့အတူ ကန်းဆက်စ်စီးတီးဆီ ပြန်မလိုက်ပါနိုင်ဘဲ ဆေးအဖွဲ့ဝင်တစ်ဦးနဲ့အတူ မက္ကဆီကိုစီးတီးမှာပဲ ကျန်ရှိနေခဲ့ပါတယ်။

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က "မကောင်းဘူး၊ အခြေအနေ မကောင်းပါဘူး။ ဟန်ဒါဆန်က အမြင့်မှပြုတ်ကျကာ လက်ကောက်ဝတ်ဒဏ်ရာ ရရှိသွားပါတယ်။ တော်တော်လေးဆိုးမယ့်ပုံပါပဲ" လို့ ITV ဆီ ပြောကြားခဲ့ပါတယ်။

ဟန်ဒါဆန်က ပနားမားနဲ့ အုပ်စုအဆင့်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် တစ်ပွဲ ပါဝင်ကစားပေးခဲ့ဖူးပါတယ်။ မက္ကဆီကိုနဲ့ပွဲစဉ်မှာတော့ သူ ပါဝင်ကစားခွင့် မရရှိဘဲ ကွင်းဘေးလေ့ကျင့်ရေးဆင်းနေချိန် အချင်းများရာမှတဆင့် အဝါကတ်ပြသခံခဲ့ရပါတယ်။

ဘယ်လင်ဟမ်ကလည်း "သူ တော်တော်လေး ထိခိုက်သွားပုံရပါတယ်၊ ဒါပေမဲ့ ဆေးအဖွဲ့က အကုန်လုံးကို အကောင်းဆုံးကိုင်တွယ်ပေးနေပါတယ်။ ကျွန်တော် အများကြီးမပြောတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး သူ့ကို ဝန်းရံပေးနေပါတယ်" လို့ ဆိုပါတယ်။