သူ့ကိုယ်သူပေါင်သန်း ၁၃၀ တန်တယ်လို့မထင်ကြောင်း ဖွင့်ဟလာတဲ့ ရော်ဂျာ
အက်စတွန်ဗီလာကြယ်ပွင့် မော်ဂန်ရော်ဂျာက သူ့ရဲ့ပြောင်းရွှေ့ကြေး ပေါင် ၁၃၀ သန်းအပေါ် မှတ်ချက်ပေးလိုက်ပြီး အဲ့ဒီပမာဏက အရမ်းများလွန်းတယ်လို့ သူယူဆနေပါတယ်။ သည်တယ်လီဂရပ်ဖ်ရဲ့ ဖော်ပြချက်အရ ဗီလာအသင်းဟာ ရော်ဂျာကို ရောင်းဖို့ ငြင်းဆန်နေပြီး သူ့ကို မန်စီးတီးအသင်းဆီ ပေါင် ၁၁၆ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူထားတဲ့ အင်္ဂလန်အသင်းဖော် အဲလီးယော့ အန်ဒါဆန်ထက် ပိုတန်တယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့အတွက် ရော်ဂျာကို အဓိက ပစ်မှတ်တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပေမဲ့ ဗီလာအသင်းကတော့ ဒီကွင်းလယ်ကစားသမားအတွက် သူတို့သတ်မှတ်ထားတဲ့ ပေါင် ၁၃၀ သန်းအောက်နဲ့ မရောင်းနိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ တနင်္လာနေ့မနက်မှာ ကစားမယ့် မက္ကဆီကိုနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ၁၆ သင်းအဆင့် ပွဲစဉ်အပေါ်မှာပဲ အာရုံစိုက်နေတဲ့ ရော်ဂျာကို မမှန်ကန်ဘူးလို့ သူယူဆနေတဲ့ အဲ့ဒီပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။
"ကျွန်တော်က အဲ့ဒီပမာဏလောက်အထိ တန်ကြေးရှိမယ်လို့ မသေချာပါဘူး။ အခုလို ကြားရတာက ဝမ်းသာစရာဖြစ်ပေမဲ့ ပြင်ပက ပြောဆိုသံတွေကြောင့် ကျွန်တော့်ရဲ့ စိတ်ဓာတ်ကို အထိခိုက်မခံပါဘူး။ ကျွန်တော့်ဘက်ကတော့ ဒီနေရာကို ရောက်လာအောင် တွန်းအားပေးခဲ့တဲ့ ကိုယ့်ရဲ့ပုံစံအတိုင်းပဲ ဆက်ရှိနေမှာဖြစ်သလို ပိုကောင်းလာအောင်ပဲ အာရုံစိုက် ကြိုးစားသွားမှာပါ။ အဲ့ဒီလို ကောလာဟလတွေကို သိပ်ပြီး နားမယောင်ပါဘူး" လို့ ၎င်းက ဆိုပါတယ်။
ရော်ဂျာဟာ အုပ်စု (L) ပွဲစဉ်ဖြစ်တဲ့ ပနားမားနဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရခဲ့ပြီး နိုင်ငံအသင်းအတွက် ၁၈ ပွဲအထိ ကစားပေးထားသူပါ။ ပြီးခဲ့တဲ့ရာသီမှာ သူဟာ ဗီလာအသင်းကို ယူရိုပါလိဂ်ဝင်ခွင့်ရအောင် ဦးဆောင်ပေးခဲ့ပြီး အခုဆိုရင် သူ့ရဲ့ကစားသမားဘဝ နောက်ထပ်တိုးတက်မှု အဆင့်တစ်ခုအတွက် မျှော်လင့်နေနိုင်ပါတယ်။ အာဆင်နယ်အသင်းက သူ့ကို ဒီနွေရာသီမှာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမဲ့ ပေါင် ၁၃၀ သန်းဆိုတဲ့ တန်ကြေးကြောင့် သူတို့ဘက်က ကမ်းလှမ်းလာဖို့ အခွင့်အလမ်း သိပ်မရှိပါဘူး။
ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၁၂၅ ပွဲမှာ သွင်းဂိုး ၆၀ အထိ ပါဝင်ပတ်သက်ထားတဲ့ ရော်ဂျာဟာ ခေါ်ယူသင့်တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ ပြောင်းရွှေ့ကြေးကတော့ ဒီနွေရာသီ အပြောင်းအရွှေ့အတွက် အတားအဆီးတစ်ခု ဖြစ်နေပါတယ်။