ဂါနာနဲ့ပွဲမှာ ဒေးဗစ်ဘက်ခမ်းရဲ့ စံချိန်နှစ်ခုကို ချိုးဖျက်တော့မယ့် အင်္ဂလန်ကစားသမား ၃ ဦး
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် အင်္ဂလန်အသင်းဟာ ဖောက်စ်ဘတ်မြို့မှာ ဂါနာအသင်းနဲ့ ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ အုပ်စု (L) အဖွင့်ပွဲစဉ်မှာ ခရိုအေးရှားကို ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရရှိပြီး ပြိုင်ပွဲကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့သလို အခုနောက်ထပ် ရင်ဆိုင်ရမှာကတော့ ဂါနာအသင်းပဲ ဖြစ်ပါတယ်။ ဒီပွဲမှာသာ ထပ်မံအနိုင်ရရှိခဲ့ရင် အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ် မကစားရသေးခင်မှာတင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး ကားလို့စ်ကွီရိုဇ့်ရဲ့အသင်းနဲ့ တွေ့ဆုံမယ့်ပွဲက သောမတ်တူဟယ်လ်ရဲ့ အင်္ဂလန်အသင်းသား ၃ ဦးအတွက်တော့ သမိုင်းဝင်ပွဲတစ်ပွဲ ဖြစ်လာတော့မှာပါ။ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဂျော်ဒန်ပစ်ဖို့ဒ်၊ ဂျွန်စတုန်းစ်နဲ့ ဟာရီကိန်းတို့ သုံးယောက်စလုံး ခရိုအေးရှားနဲ့ပွဲမှာ ပါဝင်ကစားခဲ့ကြပြီး အခု ဂီးလက်ကွင်း (Gillette Stadium) မှာ ကစားမယ့်ပွဲမှာလည်း ဟာရီကိန်းက အင်္ဂလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာမှာဖြစ်ကာ ဒါဟာ သူ့အတွက် ၁၁၆ ပွဲမြောက် နိုင်ငံတကာပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ဒေးဗစ်ဘက်ခမ်းကို ကျော်ဖြတ်ပြီး အင်္ဂလန်အသင်းအတွက် ပွဲအများဆုံးကစားပေးသူစာရင်းရဲ့ အဆင့် ၃ နေရာကို ရောက်ရှိသွားမှာဖြစ်ကာ သူ့ရဲ့အရှေ့မှာ ဝိန်းရွန်နီ (၁၂၀ ပွဲ) နဲ့ ပီတာရှယ်လ်တန် (၁၂၅ ပွဲ) တို့နှစ်ဦးပဲ ကျန်ပါတော့တယ်။ ခရိုအေးရှားနဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ ဟာရီကိန်းဟာ အင်္ဂလန်အသင်းအတွက် စုစုပေါင်းသွင်းဂိုး ၈၁ ဂိုးအထိ ရှိလာခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဂယ်ရီလိုင်နီကာရဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အခုဂါနာနဲ့ပွဲဟာ ပစ်ဖို့ဒ်နဲ့ ဂျွန်စတုန်းစ်တို့အတွက်လည်း ဘက်ခမ်းရဲ့စံချိန်ကို ကျော်ဖြတ်မယ့် မှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ အကယ်၍ ဂျွန်စတုန်းစ်သာ နေရာဆက်ထိန်းနိုင်ပြီး ပါဝင်ကစားခွင့်ရမယ်ဆိုရင် သူတို့နှစ်ဦးဟာ ကမ္ဘာ့ဖလားပွဲစဉ် ၁၄ ပွဲအထိ ကစားခွင့်ရရှိသွားမှာဖြစ်လို့ အင်္ဂလန်အတွက် ကမ္ဘာ့ဖလားစင်မြင့်မှာ ပွဲအများဆုံးကစားထားသူစာရင်းမှာ ဘက်ခမ်းကို ကျော်ဖြတ်ပြီး ပူးတွဲဒုတိယနေရာကို တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။