အိုလီစီဆီ ဘောလုံးပိုရောက်လေလေ၊ အသင်းအတွက် ပိုကောင်းလေလေပါပဲလို့ ဆိုလိုက်တဲ့ ဒက်စ်ချမ့်စ်
ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆီနီဂေါအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ပြင်သစ်နည်းပြဒက်စ်ချမ့်စ်အတွက် အိုလီစီကို ဗဟိုကွင်းလယ်နေရာဆီပြောင်းရွှေ့စေခဲ့တဲ့ ပွဲစဉ်ရဲ့အလှည့်အပြောင်းဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မေးခွန်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်အတွင်း ညာတောင်ပံနေရာမှာ ရုန်းကန်နေခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က ဒုတိယပိုင်းစတင်လာချိန်မှာတော့ အသင်းဖော်ဒမ်ဘီလီနဲ့ နေရာလဲလှယ်ကစားခဲ့ပါတယ်။ ဒီပြောင်းလဲမှုက ချက်ချင်းဆိုသလို အကျိုးသက်ရောက်ခဲ့ပြီး ပွဲချိန်မိနစ် ၆၀ မှာ အမ်ဘာပေရဲ့အဖွင့်ဂိုးကို အိုလီစီကိုယ်တိုင် လှလှပပဖန်တီးပေးနိုင်ခဲ့ပါတယ်။
"ဒမ်ဘီလီလည်း ညာတောင်ပံနေရာမှာ ကစားလေ့ရှိပါတယ်" လို့ ဒက်စ်ချမ့်စ်က ထောက်ပြခဲ့ပါတယ်။ "သူက ပြိုင်ဘက်တွေကိုကျော်ဖြတ်ပြီး တိုက်စစ်မြှားဦးအထိ တက်ရောက်ကစားလေ့ရှိပါတယ်။ အိုလီစီကတော့ ကွင်းလယ်နဲ့ခံစစ်အကြား နေရာလွတ်တွေမှာ အကောင်းဆုံးကစားနိုင်သလို အမ်ဘာပေပဲဖြစ်ဖြစ်၊ ဒူအီဖြစ်ဖြစ်၊ ဘာကိုလာဖြစ်ဖြစ် တိုက်စစ်မှူးတွေဆီ ဘောလုံးပေးပို့နိုင်စွမ်း ရှိပါတယ်"
"ဒါက ပွဲစဉ်အလိုက် ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော် ဒီနေ့ ဒီလိုပြောင်းလဲလိုက်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ချိတ်ဆက်ကစားပုံ ပိုမိုကောင်းမွန်စေမယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။ အိုလီစီက တောင်ပံနှစ်ဖက်လုံးမှာ ကစားနိုင်ပေမဲ့ သူ့အတွက် ဘောလုံးပိုရလာလေလေ၊ ပိုကောင်းလေလေပါပဲ။ ဒါက ပြိုင်ဘက်အတွက် ပိုပြီးအန္တရာယ်ရှိစေခဲ့သလို အမ်ဘာပေကိုယ်တိုင်လည်း ကျွန်တော်တို့အတွက် အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်" လို့ ပြင်သစ်နည်းပြက ဆိုပါတယ်။