The network connection is lost.

Banner Image

ကိတ်ဗာဒီကို သရေသာကစားနိုင်ခဲ့ပေမယ့် စိတ်မပျက်ဖို့ ကစားသမားတွေကို ဖွန်တေတိုက်တွန်း

စပိန်အသင်းနည်းပြ လူးဝစ်ဒီလာ ဖွန်တေ ဟာ ၎င်းတို့အသင်းအနေနဲ့ အုပ်စု (H) အဖွင့်ပွဲစဉ်မှာ ကိတ်ဗာဒီ အသင်းနဲ့ ၀-၀ ဂိုးနဲ့ စိတ်ပျက်ဖွယ် သရေကျခဲ့ပြီးနောက် ကစားသမားတွေနဲ့ ပရိသတ်တွေကို စိတ်ရှည်သည်းခံကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဥရောပချန်ပီယံ စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အမြောက်အမြား ဖန်တီးနိုင်ခဲ့သော်လည်း အာဖရိကနိုင်ငံဖြစ်တဲ့ ကိတ်ဗာဒီအသင်းရဲ့ ကြံ့ခိုင်တဲ့ ခံစစ်ကစားပုံကြောင့် ရရှိလာတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။

လူးဝစ်ဒီလာ ဖွန်တေ ဟာ အဆိုပါ သရေပွဲနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ရာမှာ ၎င်းတို့အသင်းအနေနဲ့ ဂိုးရှေ့မှာ အဆုံးသတ်ပိုင်း သေချာမှု လိုအပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဘောလုံးပွဲတွေမှာ တစ်ခါတရံ ကံတရားကလည်း စကားပြောတတ်ကြောင်း အလေးအနက် ပြောကြားသွားခဲ့ပါတယ်။

လူးဝစ်ဒီလာ ဖွန်တေ က "ဒါကို ဖြေရှင်းဖို့ဆိုရင် ကျွန်တော်တို့ရဲ့ မူလကစားကွက်အိုင်ဒီယာအတိုင်းပဲ ဆက်သွားရမှာဖြစ်ပြီး ပိုမိုသေသပ်ကောင်းမွန်လာအောင် ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ရိုဒရီ ကောင်းကောင်းရှင်းပြခဲ့သလိုပါပဲ၊ ဒီလိုပွဲမျိုးတွေမှာ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ရှိသင့်ရှိထိုက်တဲ့ လန်းဆန်းတက်ကြွမှုမျိုး မရှိခဲ့တာပါ" လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "သူတို့က အရမ်းစနစ်ကျတဲ့ အသင်းတစ်သင်းဖြစ်ပြီး ခံစစ်ပိတ် ကစားသွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုအနေအထားမျိုးမှာ ကွင်းလယ်နေရာလွတ်တွေ ဖန်တီးဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ အဲဒီလို ခက်ခဲနေတဲ့ကြားကပဲ ကျွန်တော်တို့ ဂိုးရှေ့အထိ ရောက်အောင် သွားနိုင်ခဲ့ပါတယ်၊ အခွင့်အရေးတွေ ပိုရဖို့အတွက် ဘောလုံးစီးဆင်းမှုပိုင်း လိုအပ်ချက်လေးတွေတော့ ရှိခဲ့တာပေါ့၊ ဒါပေမယ့် ဘောလုံးက ဂိုးထဲမဝင်ချင်တဲ့အခါ ဘယ်လိုမှ သွင်းလို့မရပါဘူး" လို့လည်း ဆိုပါတယ်။

"ကန်ချက်တွေ၊ အခွင့်အရေးတွေ ရှိခဲ့သလို ပွဲကို အမြန်ဆုံးအဆုံးသတ်ချင်တဲ့ ဆန္ဒတွေလည်း ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်ကို ခက်ခဲတဲ့အရာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ဒီလိုပြိုင်ပွဲမျိုးမှာ နိုင်ပွဲရဖို့ ဘယ်လောက်အထိ ခရီးကြမ်းရလဲဆိုတာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားသွားခဲ့ပါတယ်။