ဆော်ဒီအာရေဗျနဲ့ ပထမဆုံးပွဲစဉ် ကစားဖို့ နာရီပိုင်းအလိုမှာပဲ အမေရိကန်ထဲ ဝင်ခွင့်ပိတ်ပင်ခံလိုက်ရတဲ့ ဥရုဂွေးအသင်း
ဆော်ဒီအာရေဗျနဲ့ ကစားဖို့ နာရီပိုင်းအလိုမှာ ဥရုဂွေးအသင်းဟာ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့အတွက် အခက်အခဲကြီးကြီးမားမားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တနင်္လာနေ့ညနေမှာတော့ ဟတ်ဒ်ရော့ခ် (Hard Rock) အားကစားကွင်းမှာ ဆော်ဒီနဲ့ ဥရုဂွေးတို့ ကစားကြမှာဖြစ်ပြီး ဥရုဂွေးအသင်း အခက်အခဲတွေနဲ့ ကြုံနေရတယ်ဆိုတဲ့ သတင်းတွေကြောင့် လူအများက ဒီပွဲအတွက် စိုးရိမ်နေကြပါတယ်။
ဥရုဂွေးအသင်းဟာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ ကန်ကွန်း (Cancún) ကနေ ဖော့တလာဒါဒေး (Fort Lauderdale) ဆီ ပျံသန်းဖို့ စီစဉ်ထားပေမဲ့ လေယာဉ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းပြဿနာတွေကြောင့် ပထမဆုံး လေကြောင်းခရီးစဉ် ဖျက်သိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
လေယာဉ်စာရွက်စာတမ်းတွေမှာ ပြဿနာရှိနေတာကြောင့် မိုင်ယာမီကို ပျံသန်းဖို့ ခွင့်ပြုချက်မရရှိခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဥရုဂွေးအသင်းခေါင်းဆောင် ဟိုဆေးမာရီယာ ဂီမင်နက်ဇ်ကတော့ သူတို့အဖွဲ့ ဟိုတယ်မှာ သောင်တင်နေခဲ့ရတဲ့ အချိန်နှောင့်နှေးမှုတွေဟာ တကယ့်ကို "ခက်ခဲခဲ့တယ်" လို့ ပြောပါတယ်။ "ကျွန်တော်တို့မှာ ရှုပ်ထွေးမှုတချို့ ရှိခဲ့ပါတယ်" လို့ အက်သလက်တီကိုမက်ဒရစ် ခံစစ်မှူးက ပြောပါတယ်။ "ခက်ခဲခဲ့ပေမဲ့ ဟိုတယ်မှာ အနားယူရင်းနဲ့ အခွင့်အရေးကို အသုံးချခဲ့ပါတယ်။ အခုတော့ ဒီကို နောက်ကျပြီး ရောက်လာခဲ့ပါပြီ" လို့ ဆိုပါတယ်။ ဖီဖာ (FIFA) ရဲ့ ထုတ်ပြန်ချက်မှာတော့ "မက္ကဆီကိုနိုင်ငံက လေကြောင်းလိုင်းရဲ့ ခွင့်ပြုချက် အမှားအယွင်းကြောင့် ဥရုဂွေးလက်ရွေးစင်အသင်းဟာ ကန်ကွန်းကနေ မိုင်ယာမီကို ထွက်ခွာဖို့ နောက်ကျခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ အဆင်မပြေမှုတွေအတွက် လေကြောင်းလိုင်းက တောင်းပန်ထားပါတယ်" လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် "ဖီဖာအနေနဲ့ အသင်းခရီးစဉ် နှောင့်နှေးနေတဲ့တစ်လျှောက် ဥရုဂွေးအသင်းနဲ့ အနီးကပ် ဆက်သွယ်ခဲ့ပြီး ခရီးစဉ် မြန်မြန်ဆန်ဆန် ဖြစ်စေဖို့နဲ့ အနှောင့်အယှက် အနည်းဆုံးဖြစ်အောင် လေဆိပ်၊ လုပ်ငန်းခွင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။
ဝါရင့်တိုက်စစ်မှူး ဒီယေဂို ဖိုလန်ကလည်း ဒီအပတ် ပထမဆုံးပွဲစဉ် မကစားခင် နိုင်ငံအသင်းအပေါ် အကြီးအကျယ် သက်ရောက်မှုရှိနိုင်တဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။ "ဘယ်သူ့မှာ တာဝန်ရှိသလဲ???" လို့ ဖိုလန်က ရေးသားခဲ့ပြီး "ရှေ့သို့ ဥရုဂွေး (Arriba Uruguay!!)" ဆိုတဲ့ စာသားနဲ့အတူ အဆုံးသတ်ခဲ့ပါတယ်။