ကိတ်ဗာဒီနဲ့ပွဲစဉ်မှာ ယာမယ်လ် ပွဲထွက်ကစားဖို့ မရှိသေးဘူးလို့ စပိန်နည်းပြဒီလာဖွန်တေ အတည်ပြု
ပေါင်ဒဏ်ရာမှ အချိန်မီပြန်လည်သက်သာလာပြီးနောက် ကြံ့ခိုင်မှုအပြည့်ရှိနေတဲ့ ယာမယ်လ်ကို လာမယ့်တနင်္လာနေ့၊ ကိတ်ဗာဒီနဲ့ ကမ္ဘာ့ဖလားပွဲဦးထွက်မှာ ပွဲထွက်ကစားခွင့်မပေးနိုင်သေးဘူးလို့ စပိန်နည်းပြဒီလာဖွန်တေက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။
"အကောင်းဆုံးသတင်းကောင်းကတော့ ယာမားလ်ရဲ့အခြေအနေ တကယ်ကောင်းမွန်နေပြီး နီကိုဝီလျံစ်နဲ့ ဗစ်တာမူနော့ဇ်တို့လိုပဲ အကောင်းဆုံးပြင်ဆင်လေ့ကျင့်နေတယ်ဆိုတာပါပဲ။ သူ ပွဲထွက်ကစားဖို့ မရှိသေးပေမဲ့ ပါဝင်ကစားနိုင်တဲ့အခြေအနေရှိနေပြီး ပွဲရဲ့အခြေအနေအပေါ်မူတည်ကာ စောင့်ကြည့်သွားရပါမယ်" လို့ ဒီလာဖွန်တေက ပြောကြားခဲ့ပါတယ်။
"သူ့အတွက် မနက်ဖြန်ပွဲစဉ်မှာ ဘာပြဿနာမှမရှိဘဲ ပါဝင်ကစားဖို့ အဆင်သင့် ရှိနေပါတယ်။ မိနစ် ၉၀ အပြည့်မဟုတ်ပေမဲ့ အချိန်တစ်ခုမှာ လူစားဝင်ကစားနိုင်ပြီး မိနစ်အနည်းငယ်ကြာကစားဖို့အတွက်တော့ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။ တကယ်လို့ အဲ့ဒီအတိုင်းမဖြစ်လာဘူးဆိုရင်တော့ သူက အရန်လူစာရင်းမှာတောင် ပါဝင်လာမှာ မဟုတ်ပါဘူး" လို့ ဧပြီ ၂၂ ရက်နောက်ပိုင်း ပွဲကစားချိန်လုံး၀မရရှိသေးတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ပါရီရှင်လေးနဲ့ပတ်သက်လို့ ဒုတိယမြောက်မေးခွန်းမှာ ဒီလာဖွန်တေက ဆက်လက်ပြောကြားခဲ့ပါတယ်။
စပိန်အသင်းရဲ့ရေပန်းစားမှုအခြေအနေအပေါ် မေးမြန်းရာမှာ နည်းပြက တိုက်ရိုက်ဖြေကြားပေးဖို့ ငြင်းဆိုခဲ့ပြီး "အားကစားမှာ ရေပန်းစားမှုဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒါက ခင်ဗျားကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းစာရင်းမှာ ထည့်သွင်းပေးထားပေမဲ့ အသင်းတစ်ခုတည်းသာ ချန်ပီယံဖြစ်နိုင်တာပါ... ကစားသမားအချို့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ဖြတ်သန်းမှုတွေကို အသိအမှတ်ပြုပေးလို့ ဒါကို ကျွန်တော် တန်ဖိုးထားပါတယ်။ ဒီလောက်အထိ ချန်ပီယံဖြစ်နိုင်တဲ့စိန်ခေါ်သူအသင်းတွေ အများကြီးပါဝင်တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမျိုးကို ကျွန်တော်တော့ တစ်ခါမှ မမြင်ဖူးပါဘူး" လို့ ပြောကြားခဲ့သလို စပိန် အသင်းမှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်အတွဲအဖက် ရှိနေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။