The network connection is lost.

Banner Image

ယူရိုသန်း ၁၀၀ တန်အပြောင်းအရွှေ့သတင်းထွက်ပေါ်နေချိန် သူ့ရဲ့အိုင်ဒေါကစားသမားအကြောင်း ဖွင့်ဟလာတဲ့ လီဗာပူးပစ်မှတ်ဒီအိုမန်ဒီ

နွေရာသီကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုကြီးတစ်ခုမတိုင်ခင် ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ရေဒါထဲမှာရှိနေတဲ့ ဒီအိုမန်ဒီက သူ့ရဲ့ကစားပုံတိုးတက်လာမှုနဲ့ပတ်သက်လို့ ဆွေးနွေးလာပါတယ်။

လိုက်ပ်ဇစ်တောင်ပံကစားသမားက ဘွန်ဒက်စ်လီဂါရဲ့အန္တရာယ်အရှိဆုံးတိုက်စစ်ကစားသမားတွေအနက် တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး လီဗာပူး၊ ပီအက်စ်ဂျီတို့လို အသင်းတွေရဲ့ ပြင်းထန်တဲ့စိတ်ဝင်စားမှုကို ရရှိထားပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် ဒီအိုမန်ဒီက "အတိတ်မှာ ကျွန်တော့်ရဲ့အိုင်ဒေါက စီရော်နယ်ဒိုဖြစ်ပြီး ဘရာဇီးဂန္ထဝင်ရိုနယ်ဒို (R9) ကိုလည်း သဘောကျပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဗင်နီစီးယက်စ်နဲ့ အမ်ဘာပေတို့လို ကစားသမားအများကြီးကို စောင့်ကြည့်နေပါတယ်"

"ကျွန်တော်နဲ့နေရာတူကစားတဲ့ ပြိုင်ဘက်ကစားသမားတွေကို ကြည့်ပြီး သူတို့ဆီမှ ကောင်းမွန်တဲ့ အချက်တွေကို အတုယူကာ ကွင်းထဲမှာ ပြန်လည်အသုံးချနိုင်ဖို့ ကြိုးစားနေပါတယ်"လို့ ပြောပါတယ်။

လိုက်ပ်ဇစ်အသင်းက ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့်မှာ အသာစီးရရှိထားပြီး ဒီအိုမန်ဒီအတွက် ယူရိုသန်း ၁၀၀ (ပေါင် ၈၆ သန်း/ ဒေါ်လာ ၁၁၆ သန်း) ဝန်းကျင်အထိ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

အသက် ၂၀ နှစ်အရွယ်ကစားသမားလေးက ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေလို့ ဂျာမန်ကလပ်အသင်းအတွက် ဆွေးနွေးမှုတွေမှာ အသာစီးရရှိနိုင်တဲ့အခြေအနေတွေ ရှိနေပါတယ်။

ကောလာဟလတွေ ပိုမိုထွက်ပေါ်နေပေမဲ့လည်း လိုက်ပ်ဇစ်မန်နေးဂျင်းဒါရိုက်တာအိုလီဗာမင့်ဇ်လက်ဖ်က စျေးကွက်ဝယ်လိုအားမြင့်တက်နေပေမဲ့ ဒီအိုမန်ဒီကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ လူသိရှင်ကြားအခိုင်အမာပြောကြားခဲ့ပါတယ်။