စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ နောင်တများ - ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ စိတ်ပျက်စရာအကောင်းဆုံးအပြောင်းအရွှေ့များ
၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ကစားသမားသစ်တွေအတွက် ပေါင် ၃ ဘီလီယံကျော်အထိ အသုံးပြုခဲ့ကြပေမဲ့ အဲ့ဒီငွေကြေးပမာဏရဲ့အများစုကတော့ အလဟဿ ဖြစ်ခဲ့ရပါတယ်။ အခုဖော်ပြပေးမယ့်အကြောင်းအရာတွေကတော့ အဲ့ဒီဘောလုံးရာသီအတွင်း စွမ်းဆောင်ရည်အညံ့ဖျင်းဆုံးအပြောင်းအရွှေ့တွေပဲ ဖြစ်ပါတယ်။
အီဆက် (လီဗာပူး)
ပါရမီရှင်ကစားသမားတစ်ဦးဖြစ်တဲ့ အီဆက်ရဲ့ လီဗာပူးကစားသမားဘ၀အဖွင့်ရာသီကတော့ တကယ်ကို ဆိုးရွားလွန်းခဲ့ပါတယ်။ နယူးကာဆယ်မှ အန်ဖီးလ်ဆီ ထွက်ခွာခွင့်ရရှိဖို့ အတင်းအကျပ် ကြိုးစားခဲ့တာကြောင့် ရာသီကြိုလေ့ကျင့်ခန်တွေ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘဲ အသင်းသစ်နဲ့အံဝင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ကွင်းတွင်းပြန်ဝင်လာချိန်မှာလည်း ခြေစွမ်းပိုင်းက အရင်လိုမထက်မြက်တော့သလို ဒဏ်ရာကြောင့် သုံးလနီးပါး အနားယူခဲ့ရပါသေးတယ်။ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူထားတဲ့ ဒီတိုက်စစ်မှူးက မာဆေးဆိုဒ်အဖွင့်ဘောလုံးရာသီမှာ လေးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာတော့ သူ့အပေါ်မျှော်လင့်ချက်တွေ အရင်ထက် ပိုမြင့်တက်နေမယ်ဆိုတာ သေချာပါတယ်။
ဝစ်ဆာ (နယူးကာဆယ်)
ဝစ်ဆာကတော့ အီဆက်နေရာမှာ အစားထိုးဖို့ ရောက်လာသူဖြစ်ပြီး သူလည်း ဘရန့်ဖို့ဒ်မှထွက်လာဖို့အတွက် အီဆက်လိုပဲ အတင်းအကျပ် လုပ်ဆောင်ခဲ့ပါတယ်။ စာချုပ်သက်တမ်း ၁၂ သာ ကျန်ရှိတော့တဲ့ ကစားသမားတစ်ဦးအတွက် ပေါင် ၅၅ သန်းအထိ ပေးချေရတယ်ဆိုတာ အတော်လေးများပြားတယ်လို့ ယူဆရပေမဲ့ အနီးစပ်ဆုံးဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ၁၉ ဂိုးသွင်းယူထားနိုင်တဲ့ ဝစ်ဆာရဲ့အပြောင်းအရွှေ့ကို အတော်လေးကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုလို့ ရှုမြင်ခဲ့ကြပါတယ်။ ဒါပေပေမဲ့ တကယ်တမ်းမှာတော့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ သူက ပရီးမီးယားလိဂ်မှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နယူးကာဆယ်အသင်းနောက်ဆုံးကစားခဲ့တဲ့ ၂၂ ပွဲမှာလည်း တစ်ကြိမ်သာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အခုနွေရာသီမှာ ငှက်ကျားတွေဆီမှ ဝစ်ဆာထွက်ခွာသွားမယ်ဆိုရင်လည်း အံ့ဩစရာမရှိပါဘူး။
မူအာနီ (စပါး)
မူအာနီက ပြီးခဲ့တဲ့ရာသီ၊ ဂျူဗင်တပ်ဆီ အငှားဖြင့်သွားရောက်ကစားချိန် စီးရီးအေ ၁၆ ပွဲမှာ ရှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ တော့တင်ဟမ်အတွက် တကယ့်ကိုကောင်းမွန်တဲ့ ခေါ်ယူမှုလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ မူအာနီက ကွင်းတွင်းမှာတော့ ရုန်းကန်နေရတဲ့ တော့တင်ဟမ်နဲ့အတူ ၃၁ ပွဲကစား၊ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် တော့တင်ဟမ်က သူ့ကို အပြီးသတ်ဝယ်ယူဖို့အစီအစဉ် မရှိနိုင်တော့ပါဘူး။
အီလီယော့ (အက်စတွန်ဗီလာ)
အီလီယော့အတွက်တော့ ကစားသမားဘဝရဲ့တစ်နှစ်တာကာလကို အလဟဿဖြုန်းတီးမိလိုက်သလိုပါပဲ။ အက်စတွန်ဗီလာဆီ အငှားဖြင့်ပြောင်းရွှေ့မှုက သူ့အတွက် ကံဆိုးမှုတစ်ခု ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ မိနစ် ၁၁၀ သာ ကစားခဲ့ရပါတယ်။ အက်စတွန်ဗီလာဘက်ကလည်း သူ့ကို အပြီးသတ်မခေါ်ယူချင်လို့ ၁၀ ပွဲပြည့်အောင်တောင် မကစားခိုင်းခဲ့ပါဘူး။ နည်းပြအူနိုင်းအမ်မရီကိုယ်တိုင်လည်း အီလီယော့ရဲ့ခြေစွမ်းကို သဘောမကျခဲ့ဘဲ အက်စတွန်ဗီလာရဲ့အတောက်ပဆုံးရာသီမှာ အင်္ဂလန်ကစားသမားကတော့ ဘေးထွက်နေခဲ့ရပါတယ်။ ဒီအခြေအနေကို အမ်မရီကလည်း "သက်ဆိုင်သူအားလုံးအတွက် ရှက်စရာကောင်းတဲ့ ကိစ္စပါ" လို့ ဝန်ခံခဲ့ပါတယ်။
ဘရိုဂျာ (ဘန်လေ)
ဘရိုဂျာက အစောပိုင်းမှာ လူတိုင်းမျှော်လင့်ခဲ့ကြသလို တိုးတက်မလာခဲ့ပေမဲ့ ထိပ်တန်းကလပ်တွေရဲ့အခွင့်အရေးပေးမှု ဆက်တိုက်ရရှိခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် အယ်လ်ဘေးနီးယားတိုက်စစ်မှူးက ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၂၀ ဝန်းကျင်ဖြင့် ဘန်လေဆီ ရောက်ရှိလာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ ဂိုးသွင်းနှုန်းကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတုန်းပါပဲ။ ဘန်လေအသင်းတန်းဆင်းသွားတဲ့ ရာသီမှာ သူက တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့လိဂ် ၈၄ ပွဲအနက် လေးကြိမ်သာ ဂိုးရရှိခဲ့ပါတယ်။ ဘရိုဂျာအတွက် ကစားသမားဘ၀ပြန်လည်နိုးထလာဖို့ဆိုရင် ဒုတိယတန်းလိဂ်မှာ သွားကစားတာ အကောင်းဆုံးဖြစ်နိုင်ပါတယ်။
ဒီဘလင်း (အဲဗာတန်)
အဲဗာတန်က ဒီဘလင်းကို အသင်းသမိုင်းတလျှောက် ဒုတိယမြောက်အမြင့်ဆုံးပြောင်းရွှေ့ကြေးပမာဏနဲ့ ခေါ်ယူခဲ့ပေမဲ့ ဒီလူငယ်တောင်ပံကစားသမားအတွက် ခြေစွမ်းပြဖို့အခွင့်အရေး မပေးခဲ့ပါဘူး။ အသက်-၂၀ နှစ်အရွယ်ကစားသမားက ပရီးမီးယားလိဂ်မှာ ၃၄၃ မိနစ်သာ ကစားခဲ့ရပြီး နည်းပြဒေးဗစ်မိုယက်စ်ကိုယ်တိုင်လည်း ကစားသမားကို "အခုထက် ပိုကြိုးစားဖို့ လိုတယ်" လို့ သတိပေးထားပါတယ်။ ဒီလိုပြောစကားတွေကြောင့် သူ့အတွက် အခြေအနေတွေ ပြန်ကောင်းလာဖို့ဆိုတာ သိပ်ပြီးမျှော်လင့်ချက်မရှိသလို ဖြစ်နေပါတယ်။