The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီးနောက် ကိုမိုအသင်းမှာပဲ ဆက်ရှိသွားမယ်လို့ အတည်ပြုလိုက်တဲ့ ဖာဘရီဂတ်စ်

ကိုမိုအသင်းနည်းပြ ဆက်စ်ဖာဘရီဂတ်စ်ကတော့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ပို့ဆောင်ပေးပြီးနောက် ဒီနွေရာသီမှာ သူအသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆိုပယ်ချလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းကို စတင်တာဝန်ယူချိန်ကစပြီး အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ စီးရီးအေကို တက်လှမ်းလာပြီး ၂ ရာသီအကြာမှာတင် ကိုမိုအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဖာဘရီဂတ်စ်ဟာ အခြားအသင်းတွေဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ အပြင်းအထန် ထွက်ပေါ်ခဲ့ပေမဲ့ သူ့အနေနဲ့ ဒီအီတလီကလပ်ကနေ အခုလောလောဆယ် ထွက်ခွာဖို့ အစီအစဉ် လုံးဝမရှိသေးပါဘူး။

"ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောရရင် ဒီနေ့ နေ့လယ် ၂ နာရီမှာ အသင်းဥက္ကဌ၊ ဒါရိုက်တာတွေနဲ့ အချိန်အကြာကြီး အစည်းအဝေးလုပ်ခဲ့ပါတယ်" လို့ ဖာဘရီဂတ်စ်က Sky Sport ကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ အိုင်ဒီယာတွေကို ပိုပြီးခိုင်မာအောင် လုပ်ခဲ့သလို ရှေ့ဆက်မယ့် မျှော်မှန်းချက်တွေကလည်း နောက်ရာသီအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော် ဒီမှာ တကယ်ကို ပျော်ရွှင်နေပါတယ်။ အားလုံးသိတဲ့အတိုင်း ကျွန်တော့်အနေနဲ့ (နည်းပြလောကမှာ) လိုအပ်ချက်လေးတွေ ရှိနေသေးသလို အများကြီးလည်း သင်ယူနေရဆဲပါ။ လက်ရှိမှာတော့ ကျွန်တော်တို့ဟာ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို တည်ဆောက်နေပါတယ်" လို့ သူက ဆိုပါတယ်။

"ဒီကလပ်အသင်းရဲ့ တိုးတက်မှုနှုန်းက တော်တော့်ကို မြန်ဆန်ပါတယ်။ ကျွန်တော်တို့ စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်ခွဲကတည်းက မျှော်မှန်းချက်တွေကို အမြဲတမ်း မြှင့်တင်နိုင်ဖို့ ကြိုးစားခဲ့ကြတာပါ" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ အခြေအနေက ဘာလဲဆိုတာကိုလည်း ကောင်းကောင်းသိသလို ရှင်းလင်းတဲ့ ရည်မှန်းချက်လည်း ရှိပါတယ်။ အခုရလဒ်က တကယ်ကို ပြောင်မြောက်တဲ့ အောင်မြင်မှုတစ်ခုဖြစ်ပေမဲ့ ဒီနေ့ကစပြီးတော့ ခက်ခဲပြီး ထူးခြားတဲ့ နောက်ရာသီသစ်အတွက် စတင်ပြင်ဆင်သွားမှာပါ" လို့ ဖာဘရီဂတ်စ်က ပြောကြားသွားခဲ့ပါတယ်။