The network connection is lost.

Banner Image

နာပိုလီအသင်းက အန်တိုနီယိုကွန်တီနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်

နာပိုလီအသင်းဟာ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတာကို တနင်္လာနေ့မှာ စကားလုံး ၄ လုံးတည်းပါတဲ့ တိုတိုတုတ်တုတ် ကြေညာချက်တစ်ခုနဲ့ အတည်ပြုခဲ့ပါတယ်။ ဒါဟာ ကွန်တီနဲ့ အသင်းဥက္ကဋ္ဌ ဒီလောရန်တစ်တို့ သတင်းစာရှင်းလင်းပွဲမှာ အခြေအတင် စကားများခဲ့ပြီး ၂၄ နာရီတောင် မပြည့်ခင်မှာ ထွက်ပေါ်လာတာပါ။

"အရာအားလုံးအတွက် ကျေးဇူးပါ ဘော့စ်" လို့ ကလပ်အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

နာပိုလီဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ရာသီပိတ်ပွဲစဉ်မှာ အူဒီးနီးစ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံ အင်တာမီလန်ရဲ့နောက် စီးရီးအေ ဒုတိယနေရာနဲ့ ရာသီပိတ်နိုင်ခဲ့ပါတယ်။ ကွန်တီဟာ ဥက္ကဋ္ဌနဲ့ စကားမများခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတင် သူ နုတ်ထွက်တော့မယ့်အကြောင်းကို ကြေညာခဲ့တာပါ။

ဥက္ကဋ္ဌ ဒီလောရန်တစ်ကတော့ အသင်းမှာ တစ်ရာသီလုံး ဒဏ်ရာရတဲ့ ပြဿနာတွေသာ မရှိခဲ့ရင် သူတို့အသင်းဟာ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နာပိုလီဟာ ရာသီရဲ့ နောက်ဆုံးဝက်ကာလတွေမှာ တော်တော်လေး ရုန်းကန်ခဲ့ရပြီး စကော့ မက်တိုမီနေး၊ ကယ်ဗင် ဒီဘရိုင်း၊ လူကာကူနဲ့ အသင်းခေါင်းဆောင် ဂျီယိုဗာနီ ဒီလော်ရန်ဇိုတို့လို အဓိကကစားသမားတွေဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပါတယ်။

"ဒဏ်ရာပြဿနာတွေသာ မရှိရင် ကျွန်တော်တို့ပဲ ချန်ပီယံဖြစ်မှာပါ" လို့ ဒီလောရန်တစ်က ဆိုပါတယ်။

ဒီစကားအပေါ် ဥက္ကဋ္ဌနဲ့ ဘေးချင်းယှဉ်ထိုင်နေတဲ့ ကွန်တီက ချက်ချင်း တုံ့ပြန်ခဲ့ပြီး အင်တာမီလန်ရဲ့ အောင်မြင်မှုကို ပိုပြီး လေးစားမှုရှိဖို့ တိုက်တွန်းခဲ့ပါတယ်။

"ဒါဟာ ဖြစ်နိုင်ခြေ မရှိပါဘူး။ အင်တာမီလန်ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုဖို့ လိုပါတယ်။ စိတ်မကောင်းပေမဲ့ ကျွန်တော်ကတော့ အခုလို အကြောင်းပြချက်တွေ ပေးနေတာမျိုးကို မကြိုက်ဘူး။ တခြားသူတွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုပြီး လေးစားမှုရှိရပါမယ်။ ကိုယ်က လေးစားမှု လိုချင်ရင် တခြားသူကိုလည်း ပြန်လေးစားရမယ်။ ဒဏ်ရာရတာ မရတာနဲ့ မဆိုင်ဘဲ အင်တာမီလန်က ဖလားရဖို့ ထိုက်တန်ပါတယ်" လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အခုလို လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ကြိုတင်ချမှတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့ကြပါတယ်။

ဒီလောရန်တစ်က ကွန်တီရဲ့ နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတာကို ထုတ်ဖော်မပြောခဲ့ပေမဲ့ ဒဏ်ရာက ပြန်လာတဲ့ ကစားသမားတွေဟာ နည်းပြသစ်ရဲ့ ဦးဆောင်မှုအောက်မှာ ပိုပြီး စွမ်းဆောင်ရည်ကောင်းပြနိုင်လိမ့်မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။