The network connection is lost.

Banner Image

ဒရော့ဘာနဲ့နှိုင်းယှဉ်မှုတွေရှိနေပေမယ့် ဟယ်ရီကိန်းကို အတုယူနေကြောင်း ဖွင့်ဟလာတဲ့ ပက်ဒရို

ချဲလ်ဆီးတိုက်စစ်မှူး ဂျာအိုပက်ဒရိုက စတန်းဖို့ဒ်ဘရစ်ချ်မှာ တိုက်စစ်မှူးစစ်စစ် တစ်ယောက်အဖြစ် အသားကျအောင် ကြိုးစားနေရတဲ့အချိန်မှာ ဟယ်ရီကိန်းနဲ့ ရောဘတ်လီဝန်ဒေါစကီးတို့ရဲ့ ကစားဟန်တွေကို လေ့လာနေတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ဘရာဇီးလ်သားလေးဟာ လန်ဒန်မှာ သူ့ရဲ့ကိုယ်ပိုင်ပုံစံကို ဖန်တီးရင်းနဲ့ ခေတ်သစ် နံပါတ် (၉) တိုက်စစ်မှူးတစ်ယောက်အဖြစ် ခြေကုပ်ယူနိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။

"ကျွန်တော် ချဲလ်ဆီးကို စရောက်ကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဝက်ဖို့ဒ်မှာတုန်းကရော၊ ဘရိုက်တန်မှာတုန်းကရော ကျွန်တော်က နံပါတ် (၁၀) နေရာရော၊ နံပါတ် (၉) နေရာရော ကစားခဲ့ရတာပါ။ ဒါပေမဲ့ ဒီရောက်တဲ့အချိန်မှာတော့ နံပါတ် (၉) တိုက်စစ်မှူးအဖြစ်ပဲ ကစားချင်တယ်လို့ အခိုင်အမာ တောင်းဆိုခဲ့ပါတယ်" လို့ ပက်ဒရိုက TNT Sports နဲ့ Lance တို့ကို ပြောပါတယ်။

"အခုချိန်မှာတော့ ဟာရီကိန်းနဲ့ လီဝန်ဒေါစကီးတို့ကို တော်တော်လေး သဘောကျပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားနေတာဖြစ်လို့ ဟာရီကိန်းကို ပိုပြီးစောင့်ကြည့်ဖြစ်သလို သူ့ဆီကနေလည်း အတုယူစရာတွေ အများကြီး ရပါတယ်" လို့ သူက ဆိုပါတယ်။

ပက်ဒရိုက အသင်းရဲ့ဂန္ထဝင် ဒီဒီယဲလ်ဒရော့ဘာနဲ့ နှိုင်းယှဉ်နေကြတာတွေကိုလည်း ပယ်ချလိုက်ပြီး အခုလို နှိုင်းယှဉ်ဖို့က စောလွန်းသေးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

"ဒရော့ဘာက ချဲလ်ဆီးရဲ့ အိုင်ဒေါတစ်ယောက်ပါ။ ပရိသတ်အချို့က 'ဒရော့ဘာအသစ်ကို တွေ့ပြီလား' ဆိုပြီး စနောက်ကြတာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါတွေကို အများကြီးမတွေးဘဲ ကိုယ့်လမ်းကိုယ်ပဲ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားဖို့ ကြိုးစားနေပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။