The network connection is lost.

Banner Image

ဂရင်းဝုဒ်ကို ဘာကြောင့်အရန်ခုံပို့ခဲ့သလဲ ဘီယေး ရှင်းပြ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နိုက်စ်အသင်းနဲ့ ကစားခဲ့တဲ့ လီဂူးဝမ်း အရေးကြီးပွဲစဉ်မှာ မေဆန်ဂရင်းဝုဒ်တစ်ယောက် အရန်ခုံမှာပဲ ပါဝင်ခဲ့တာကြောင့် အိုလံပစ်မာဆေးလ်ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ အပတ်အနည်းငယ်က လိုင်လီအသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အဆိုပါတိုက်စစ်မှူးဟာ ရုန်းကန်နေရဆဲဖြစ်တယ်လို့ နည်းပြ ဟာဘစ်ဘီယေးက နောက်ပိုင်းမှာ ရှင်းပြခဲ့ပါတယ်။

ပွဲမစခင်မှာ ဘီယေးက အခုလို အရန်ခုံမှာ ထားခဲ့တာဟာ နည်းဗျူဟာပိုင်း ဒါမှမဟုတ် နောက်ဆုံးကစားထားတဲ့ ခြေစွမ်းပိုင်းကြောင့် မဟုတ်ဘဲ ဂရင်းဝုဒ်ရဲ့ ကြံ့ခိုင်မှုအခြေအနေကြောင့်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ ၄၁ ပွဲကစားပြီး ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပေမဲ့ ဒဏ်ရာအခြေအနေ ပိုဆိုးသွားမှာ စိုးရိမ်တာကြောင့် အသင်းဘက်က ဂရုတစိုက်နဲ့ အခုလို ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

"မေဆန်ရဲ့ အခြေအနေကို ဒီအပတ်အစကတည်းက ကျွန်တော်တို့ စောင့်ကြည့်ခဲ့တာပါ။ လိုင်လီနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် သူ အတော်လေး အကန့်အသတ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲလုံးမှာ သူက နာကျင်မှုတွေ အများကြီးနဲ့ ကစားခဲ့ရတာမို့ သူ့ကို အန္တရာယ်ဖြစ်စေမယ့် အခြေအနေထဲ ထပ်မထည့်ချင်တော့ပါဘူး" လို့ ဘီယေးက ဆိုပါတယ်။

ဂရင်းဝုဒ်ဟာ ပွဲပြီးခါနီး နောက်ဆုံး မိနစ် ၃၀ မှာ ဝင်ရောက်ကစားခဲ့ပေမဲ့လည်း မာဆေးလ်အသင်း အိမ်ကွင်းမှာ ၁-၁ ဂိုးနဲ့ သရေကျသွားတာကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။