အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လိဒ်စ်ကစားသမားတွေ ကစားပုံညံ့ဖျင်းခဲ့တယ်လို့ ဖာကီဝန်ခံ
တနင်္ဂနွေနေ့က ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူ့ရဲ့ကစားသမားတွေဟာ စိတ်လှုပ်ရှားမှုတွေကြောင့် ခြေဖျားမမြဲခဲ့ဘူးလို့ လိဒ်စ်ယူနိုက်တက်နည်းပြ ဒန်နီယယ်လ်ဖာကီက ဝန်ခံခဲ့တာပါ။ အန်ဇိုဖာနန်ဒက်စ်ရဲ့ စောစောစီးစီး ခေါင်းတိုက်ဂိုးနဲ့အတူ ချယ်လ်ဆီးအသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဒီရာသီရဲ့ ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ဖာကီက "ကျွန်တော့်ကစားသမားတွေအပေါ်မှာ ဖိအားတွေ အများကြီးရှိနေခဲ့သလို သူတို့က အခုလိုမျိုး ကွင်းကြီးတွေ၊ ပွဲကြီးပွဲကောင်းတွေမှာ အမြဲတမ်း ကစားနေကျသူတွေလည်း မဟုတ်ကြပါဘူး။ ပြီးခဲ့တဲ့ အပတ်စဉ်အတွင်းမှာ ဒါကို ခံစားသိရှိခဲ့ရပါတယ်" လို့ ပြောပါတယ်။
"အရင်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ကစားသမားတွေဟာ ဘောလုံးထိန်းချုပ်ရာမှာ ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိခဲ့ကြပါတယ်။ တစ်ခါတလေမှာ ဘောလုံးတည်ဆောက်ပုံတွေက နည်းနည်း ပုံစံမကျတာ ဒါမှမဟုတ် သတ္တိမရှိဘဲ အဝေးဘောတွေပဲ အများကြီးကစားနေတာမျိုး ဖြစ်နေတတ်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။
ဒါ့အပြင် ဖာကီက "ကျွန်တော်တို့ တစ်ဖက်သတ် အဖိခံရတာမျိုးတော့ မဟုတ်ပေမဲ့ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း တကယ်ကို စိတ်ပျက်စရာကောင်းခဲ့ပေမဲ့ ကစားသမားတွေအတွက်တော့ ဒါဟာ အတွေ့အကြုံကောင်း တစ်ခုပါပဲ။ အခုလို ပွဲကြီးပွဲကောင်းတစ်ပွဲကနေ ကျွန်တော်တို့ သင်ခန်းစာတွေ ရလိုက်ပြီဖြစ်လို့ နောက်တစ်ခါမှာတော့ ပိုပြီး ယုံကြည်မှုရှိရှိ၊ စိတ်လှုပ်ရှားမှုနည်းနည်းနဲ့ ကစားနိုင်တော့မှာပါ။ ဒါဟာ ကျွန်တော်တို့ ဒီပွဲကနေ ရလိုက်တဲ့ ရလဒ်ထက် ပိုအရေးကြီးတဲ့ အချက်ပါပဲ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဘာမှရှုံးစရာမရှိဘဲ အနိုင်ရဖို့ပဲ ရှိခဲ့တာပါ။ အနိုင်မရခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပေမဲ့ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ" လို့ ပြောကြားခဲ့ပါတယ်။