မာဆေးလ်မှာ ရုန်းကန်နေရတဲ့ အီသန်ဝါနရီရဲ့ ကြိုးစားအားထုတ်မှုအပေါ် သတိပေးလိုက်တဲ့ နည်းပြဘီယေး
ဟာဘစ်ဘီယေးက အိုလံပစ်မာဆေးလ်အသင်းမှာကစားနေတဲ့ အီသန်ဝါနရီကိုယ်တိုင် နေ့စဉ်လေ့ကျင့်ရေးအစီအစဉ်တွေမှာ အခုထက်ပိုပြီး ကြိုးစားအားထုတ်ဖို့ တိုက်တွန်းလိုက်ပြီး နာမည်ကျော်ကြားရုံနဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်နိုင်ဘူးလို့ သတိပေးလိုက်ပါတယ်။
မာဆေးလ်အသင်းမှာ ဒဏ်ရာရကစားသမားပြဿနာတွေ ရှိနေပေမဲ့လည်း အာဆင်နယ်မှ အငှားဖြင့်လာရောက်ကစားနေတဲ့ အီသန်ဝါနရီကိုယ်တိုင်ကတော့ နိုက်စ်အသင်းနဲ့ပွဲစဉ်အတွက် အရန်ခုံတန်းမှာပဲ ရှိနေခဲ့ပါတယ်။ ဒါက နည်းပြဘီယေးကိုယ်တိုင် လေ့ကျင့်ရေးကွင်းမှာ ပိုပြီးအားစိုက်ထုတ်မှုရှိတဲ့ ကစားသမားတွေကိုပဲ ဦးစားပေးခဲ့လို့ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်ရမှုက သီတင်းတစ်ပတ်တာ လေ့ကျင့်ရေးအစီအစဉ်အတွင်း သူ့ရဲ့စွမ်းဆောင်ရည်နဲ့တိုက်ရိုက်သက်ဆိုင်နေတယ်လို့ မာဆေးလ်နည်းပြက ပြောပါတယ်။
"အီသန်ဝါနရီက အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ နေ့စဉ်လေ့ကျင့်ခန်းတွေမှာ အခုထက် အများကြီးပိုပြီးကြိုးစားအားထုတ်ဖို့ လိုပါတယ်။ တခြားကစားသမားတွေဆိုရင် သူ့ထက် အများကြီး ပိုပြီးတော့ကြိုးစားပြကြတယ်" လို့ ဘီယေးက ဆိုပါတယ်။
ဘောလုံးရာသီရဲ့အရေးအကြီးဆုံးအချိန်ကာလဆီ ရောက်ရှိလာပြီဖြစ်လို့ ပွဲကစားချင်စိတ် အပြည့်ရှိပြီး ခြေစွမ်းတည်ငြိမ်မှုပြသနိုင်တဲ့ ကစားသမားတွေသာ အသင်းမှာ ပုံမှန်ကစားခွင့်ရရှိလိမ့်မယ်လို့ ဘီယေးက အခိုင်အမာပြောကြားခဲ့ပါတယ်။