The network connection is lost.

Banner Image

နီကိုအနေနဲ့ သူ့ကိုယ်သူ အခုထက်ပိုပြီး ယုံကြည်မှုရှိစေချင်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ပြောကြား

မန်ချက်စတာစီးတီးနည်းပြ ပပ်ဂွာဒီယိုလာက ပြီးခဲ့တဲ့ စနေနေ့၊ ဝမ်းဘလေကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ နီကိုဂွန်ဇာလက်ဇ်ရဲ့ ခြေစွမ်းက သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဆောက်သမ်တန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နီကိုက ပွဲပြီးခါနီးမှာ အဝေးကနေ ပြင်းထန်တဲ့ ကန်ချက်နဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

နီကို့ဆီကနေ ဒီလိုမျိုး အခြေအနေတစ်ခုကို မျှော်လင့်ထားခြင်း ရှိ၊ မရှိ မေးမြန်းရာမှာတော့ ဂွာဒီယိုလာက "တကယ်တော့ ဒီလိုမျိုး သွင်းဂိုးတွေကို တောင်ပံကစားသမားတွေနဲ့ တိုက်စစ်မှူးတွေဆီကပဲ ပိုပြီး မျှော်လင့်ထားတာပါ။ ဒါပေမဲ့ နီကိုကတော့ ဒီရလဒ်နဲ့ ထိုက်တန်သူပါ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"သူက ဒီရာသီမှာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသနေတာဖြစ်သလို သွင်းယူပေးခဲ့တဲ့ ဂိုးကလည်း တကယ့်ကို အဆင့်အတန်းမြင့်တဲ့ ဂိုးတစ်ဂိုးပါပဲ။ သူ့မှာ အခုထက်ပိုပြီး စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေတာကြောင့် သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှုရှိဖို့ လိုပါတယ်။ အမှားမပါအောင် ထိန်းရုံသက်သက်ပဲ မကစားသင့်ပါဘူး။ ဒါဟာ ကွင်းလယ်ခံစစ်ကစားသမား တစ်ယောက်အနေနဲ့ ထားရှိရမယ့် စိတ်ဓာတ်မျိုးပါ။ သူက လူငယ်ကစားသမားတစ်ယောက် ဖြစ်တာကြောင့် အများကြီး ပိုပြီး တိုးတက်လာဦးမှာပါ" လို့ ဂွာဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါတယ်။