The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ဘယ်လိုပုံစံနဲ့နိုင်နိုင် နိုင်ဖို့ကအရေးကြီးတယ်လို့ဆိုလာတဲ့ ကွန်ပနီ

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက အလွန်ဝမ်းမြောက်ကျေနပ်နေပါတယ်။ ဆန်တီယာဂိုဘာနေဗျူးကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ လူးဝစ်ဒီယက်ဇ်နဲ့ ဟာရီကိန်းတို့က ဘိုင်ယန်အတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းအရောက်မှာတော့ ကီလီယန်ဘာပေက ရီးရဲလ်အတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။

အသင်းကို ကိုင်တွယ်မှု အကြိမ် (၁၀၀) ပြည့်မြောက်ခဲ့သလို လာမယ့်သောကြာနေ့မှာ အသက် (၄၀) ပြည့်တော့မယ့် ကွန်ပနီက "အခုလို မှတ်တိုင်တွေနဲ့ ကျွန်တော့်ရဲ့ မွေးနေ့ကို သီးခြားစီပဲ သဘောထားပါတယ်။ အခုက အရာအားလုံး ပြီးဆုံးသွားတာ မဟုတ်သေးပါဘူး။ ကျွန်တော်တို့တွေ သိပ်ပြီးတော့ ပျော်မနေကြသေးဘူး၊ အရေးကြီးတဲ့ပွဲတွေ ကစားဖို့ကျန်နေသေးချိန်မှာ မွေးနေ့ကျရောက်လာတာဆိုတော့ ကျွန်တော့်မွေးနေ့က အရေးမကြီးပါဘူး။ နောက်အပတ်ပွဲစဉ်မှာသာ ကျွန်တော့်ကစားသမားတွေ ထပ်နိုင်မယ်ဆိုရင်တော့ တကယ့်ဝမ်းသာပီတိမျိုး ခံစားရနိုင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက "ကျွန်တော်တို့ ဘိုင်ယန်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို အမြဲတမ်း လေးစားပါတယ်။ သူတို့က ဘယ်လိုကလပ်မျိုးလဲ၊ ဘယ်လိုအသင်းမျိုးလဲဆိုတာကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်သူလဲဆိုတာနဲ့ အဲဒီကွင်းမှာ သွားနိုင်ဖို့ ကြိုးစားရတာက ကစားသမားတွေအတွက် ဘယ်လောက်အဓိပ္ပာယ်ရှိသလဲဆိုတာလည်း ရှိပါသေးတယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံးအသင်းနဲ့ ကစားရတာဟာ ကျွန်တော်တို့အတွက် နောက်ထပ်နိုင်ပွဲရဖို့ စိန်ခေါ်မှုတစ်ခုပါပဲ" လို့ ဆိုပါတယ်။

အဲ့ဒီညက ဂိုးတွေ အများကြီး ထပ်သွင်းသင့်တာလားလို့ မေးမြန်းရာမှာတော့ ဘယ်လ်ဂျီယံလူမျိုး နည်းပြက "မလိုပါဘူး၊ ကျွန်တော်တို့ ကျေနပ်ပါတယ်။ ဘာနေဗျူးကွင်းမှာ ဘယ်လိုနိုင်ပွဲမျိုးပဲရရ ဒါဟာ ရလဒ်ကောင်းပါပဲ။ ဒီရလဒ်အပေါ် အခြေခံပြီး ကျွန်တော်တို့ ရှေ့ဆက်သွားလို့ရမှာဖြစ်သလို နောက်ပွဲကလည်း ကိုယ့်အိမ်ကွင်းမှာ ကစားရမှာပါ။ တစ်ခါတလေမှာ သူတို့က တကယ်ကို အန္တရာယ်များတဲ့ အသင်းပါ၊ သူတို့ရဲ့ အရည်အချင်းကို ကြည့်လိုက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း သူတို့ကို အမြဲတမ်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ အိမ်ကွင်းမှာ ထပ်ပြီးအနိုင်ရဖို့ပါပဲ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။