မန်စီးတီးကြယ်ပွင့် ဘာနာဒိုဆေးလ်ဗားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်စ်အပါအဝင် အသင်း ၃ သင်း အပြိုင်ဖြစ်နေ
မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့အတွက် ဂျူဗင်တပ်စ်အသင်းဟာ တခြားအသင်း ၂ သင်းနဲ့ အပြိုင်အဆိုင် ကြိုးပမ်းနေပါတယ်။
ဘာနာဒိုဆေးလ်ဗားဟာ အခုရာသီကုန်လို့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ မန်စီးတီးလက်ထောက်နည်းပြ ပက်လင်ဒါးစ်က ပြီးခဲ့တဲ့ အပတ်စဉ်ပိတ်ရက်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ဘာနာဒိုဆေးလ်ဗားရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ်နေပြီး ကြိုတင်စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ဒါပေမဲ့ TMW သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ ဘာစီလိုနာနဲ့ ဖီနာဘာချီအသင်းတို့ရဲ့ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဘာစီလိုနာကလည်း ဘာနာဒိုရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ်နေပေမဲ့ ဒီဝါရင့်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းမှုမှာတော့ ဂျူဗင်တပ်စ်က တခြားအသင်းတွေထက် သိသိသာသာ ရှေ့ပြေးနေပါတယ်။
"ကစားသမားတစ်ယောက်ရဲ့နေရာမှာ အဲ့ဒီလိုအရည်အချင်းမျိုးရှိတဲ့ နောက်တစ်ယောက်နဲ့ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လိုလူမျိုးက ထပ်မရှိနိုင်လို့ပါပဲ။ ဘာနာဒိုဆေးလ်ဗားဟာ တကယ့်ကို ထူးခြားတဲ့သူပါ" လို့ လင်ဒါးစ်က ဆိုပါတယ်။
၎င်းက ဆက်လက်ပြီး "ပွဲကို ထိန်းချုပ်ပုံ၊ လှုပ်ရှားပုံ၊ ဘောလုံးလက်ခံပုံ၊ ဦးဆောင်ပုံနဲ့ အဖြေရှာနိုင်စွမ်းတွေကအစ အားလုံးဟာ အံ့မခန်းပါပဲ။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဇာတ်လမ်းတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိစမြဲပါ။ အခုကျန်ရှိနေတဲ့ နောက်ဆုံးလတွေ၊ ဆိုလိုတာက ၆ ပတ်လောက်ကို သူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ သူဟာ ကောင်းမွန်တဲ့ နှုတ်ဆက်လမ်းခွဲမှုနဲ့ ထိုက်တန်သလို အားလုံးရဲ့ ဂရုစိုက်မှုကိုလည်း ရရှိသင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။