The network connection is lost.

Banner Image

ဇွန်လအထိတော့ အသင်းနဲ့အတူ ရှိနေပါမယ်လို့ ဆိုလိုက်တဲ့ အီတလီအသင်းမန်နေဂျာဘူဖွန်

ဘော့စနီးယားမြေ၊ ကမ္ဘာ့ဖလားရှုံးထွက်ခြေစစ်ပွဲ(playoff)မှာ ရှုံးနိမ့်ခဲ့ပြီးနောက် အီတလီအသင်းမန်နေဂျာဘူဖွန်က အားလုံးကို စိတ်အေးအေးထားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

အခုပွဲစဉ်မှာ အီတလီအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ သုံးကြိမ်ဆက်တိုက်လွဲချော်သွားပါတော့မယ်။

သူ့ရဲ့ရာထူးအခြေအနေနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဂျူဗင်တပ်စ်ဂန္ထဝင်ဘူဖွန်က “ဒါက တကယ့်ကိုခက်ခဲတဲ့အခိုက်အတန့်တစ်ခုပါ၊ မှန်ကန်တဲ့ သုံးသပ်ချက်တွေ လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့တွေ အချိန်အတိုင်းအတာတစ်ခုယူဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

“ဒီရာသီက ဇွန်လမှာ ကုန်ဆုံးဖို့ရှိနေပြီး အဲဒီအချိန်အထိတော့ ဘောလုံးအဖွဲ့ချုပ်၊ ဥက္ကဋ္ဌနဲ့ ကျွန်တော့်အပေါ် ယုံကြည်မှုပေးထားတဲ့သူတွေအတွက် ဆက်လက်တာဝန်ထမ်းဆောင်သွားတယ်ဆိုတာ အမှန်ကန်ဆုံးပါပဲ။ တိုးတက်မှုတချို့ရှိလာတာကို သတိထားမိတယ်ဆိုရင် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ အဓိကအကြီးမားဆုံးရည်မှန်းချက်က ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ပဲ ဖြစ်ပါတယ်။”

“အခုချိန်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲကျဆုံးမှုက တကယ်ကို နာကျင်ရသလို ကျွန်တော်တို့ရဲ့တွေးခေါ်မှုတွေကိုလည်း ဝေဝါးလွဲမှားစေနိုင်ပါတယ်။ ဒီလောက်နဲ့ပဲ ကျွန်တော် ရပ်ထားလိုက်ပါဦးမယ်၊ ကျွန်တော်တို့ ဇွန်လအထိတော့ ဒီမှာရှိနေပါမယ်။ အဲဒီနောက်ပိုင်းမှ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာပေါ် မူတည်ပြီး တခြားကိစ္စရပ်တွေကို ပြန်လည်သုံးသပ်သွားပါမယ်” လို့ ၎င်းက ဆိုပါတယ်။