The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ မှတ်ချက်တွေအပေါ် ဝေဖန်မှုတွေကို မန်စီးတီးကြယ်ပွင့် ရိုဒရီ ပြန်လည်တုံ့ပြန်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို "ငြင်းပယ်ဖို့ ခက်ခဲတယ်" လို့ ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေကို မန်စီးတီးကွင်းလယ်လူ ရိုဒရီက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုဒရီဟာ မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပေမဲ့ အခုမှတ်ချက်တွေကြောင့် သူဟာ မကြာခင်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလာဟလတွေကို ပိုမိုအားကောင်းသွားစေခဲ့ပါတယ်။

Onda Cero နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူက “အက်သလက်တီကိုမှာ ကစားခဲ့ဖူးတာက ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့အတွက် အတားအဆီး မဖြစ်ပါဘူး၊ ဒီလိုမျိုး ပြောင်းကစားခဲ့တဲ့ တခြားကစားသမားတွေလည်း ရှိပါတယ်။ တိုက်ရိုက်ကြီး မဟုတ်ရင်တောင် နောက်ပိုင်းမှာ ပြောင်းဖြစ်သွားတာမျိုးပေါ့။ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ဘယ်သူမှ ငြင်းပယ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် စပိန်ကို ပြန်သွားချင်တာကတော့ အမှန်ပါပဲ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီစကားတွေကြောင့် မန်စီးတီးပရိသတ်တွေကတော့ မကျေမနပ် ဖြစ်ခဲ့ကြပြီး ရိုဒရီကလည်း သူ့ရဲ့စကားတွေကို အစအဆုံးမဟုတ်ဘဲ လိုသလို အဓိပ္ပာယ်ကောက်လွဲနေကြတာဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းခဲ့ရပါတယ်။

Mundo Deportivo နဲ့ အင်တာဗျူးမှာတော့ သူက “ဒီလိုမျိုးတွေကတော့ ကျွန်တော် ကျင့်သားရနေပါပြီ။ မိနစ် ၅၀ ကြာတဲ့ အင်တာဗျူးထဲကနေ သူတို့လိုချင်တဲ့ အပိုင်းလေးတွေကိုပဲ ဖြတ်ထုတ်ပြီး ဖော်ပြမယ်ဆိုရင်တော့ ကျွန်တော် ဘာမှ ထပ်ပြောစရာ မရှိတော့ပါဘူး။ ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူပါ။ အင်တာဗျူးတစ်ခုလုံးကို နားထောင်ချင်တယ်ဆိုရင်တော့ အပြည့်အစုံ နားထောင်လို့ ရပါတယ်၊ ဖြတ်တောက်ထားတဲ့ အပိုင်းလေးတွေကိုပဲ မကြည့်ပါနဲ့” လို့ အဖြစ်မှန်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။