မြောက်အိုင်ယာလန်အသင်းကို လျှော့တွက်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ အီတလီအသင်းအကြီးအကဲဘူဖွန်
အီတလီအသင်းမန်နေဂျာဘူဖွန်က ကမ္ဘာ့ဖလားပလေးအော့ဖ်ပြိုင်ဘက် မြောက်အိုင်ယာလန်အသင်းကို လျှော့တွက်သွားမှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားလိုက်ပါတယ်။
အီတလီအသင်းက ကနဦးပွဲစဉ်အဖြစ် မြောက်အိုင်ယာလန်ကို ရင်ဆိုင်ရဖို့ ရှိနေပြီး အနိုင်ရရှိမယ်ဆိုရင်တော့ အခုနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ဝေးလ် သို့မဟုတ် ဘော့စနီးယားနဲ့ ဆက်လက်ယှဉ်ပြိုင်ရပါတယ်။
"ကျွန်တော်တို့အတွက် သံသယဖြစ်နေစရာ မလိုပါဘူး၊ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုအားလုံးက မြောက်အိုင်ယာလန်နဲ့ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ပေါ်မှာပဲ ရှိပါတယ်" လို့ ဘူဖွန်က BBC Sport ကို ပြောပါတယ်။
"အဲဒီပွဲမှာ အနိုင်ရလို့ ပျော်ရွှင်ရပြီဆိုမှ ဝေးလ် ဒါမှမဟုတ် ဘော့စနီးယားနဲ့ ကစားရမယ့် ဖိုင်နယ်ပွဲစဉ်အကြောင်းကို စဉ်းစားရပါမယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လေးလတာလုံးမှာတော့ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုက မြောက်အိုင်ယာလန်အပေါ်မှာပဲ ရှိနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက လက်တွေ့ကျတဲ့ လုပ်ဆောင်မှုဖြစ်နေလို့ပါပဲ။ မြောက်အိုင်ယာလန်က ကျွန်တော်တို့ ကျော်ဖြတ်ရမယ့် ပထမဆုံးအတားအဆီးဖြစ်ပြီး သူတို့ဟာ လေးစားမှုနဲ့ ထိုက်တန်တဲ့ အသင်းတစ်ခုလည်း ဖြစ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အီတလီအသင်းက နည်းပြဂတ်တူဆိုလက်အောက် ရှုံးပွဲမကြုံတွေ့ခဲ့ဖူးတဲ့ ဘာဂါမိုကွင်းအတွင်း အခုညပိုင်းမှာ မြောက်အိုင်ယာလန်အသင်းကို ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။
ဆက်လက်ပြီး ဂျူဗင်တပ်ဂန္ထဝင်ဘူဖွန်က "နည်းပြရဲ့ပထမဆုံးပွဲ(အက်စတိုးနီးယားနဲ့ပွဲ)မှာ ကျွန်တော်တို့ အကြီးအကျယ်အနိုင်ရခဲ့ပါတယ်။ အဲဒီညရဲ့ အားပေးမှုတွေနဲ့ ပတ်ဝန်းကျင်အခြေအနေက အရမ်းကောင်းခဲ့တယ်ဆိုတာကို ကျွန်တော်တို့ မှတ်မိနေပါသေးတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေ ဖြစ်နေခဲ့ပေမဲ့ ပရိသတ်တွေက အသင်းရဲ့ ကြိုးစားမှုကို နားလည်ပေးခဲ့ကြပြီး ကျွန်တော်တို့ကို အားပေးခဲ့ကြပါတယ်။ ဒါက အသင်းဝန်ထမ်းတွေနဲ့ ကစားသမားတွေရဲ့ စိတ်ထဲမှာစွဲနေတဲ့ အချက်တစ်ခုဖြစ်လို့ အရမ်းအရေးကြီးပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။