The network connection is lost.

Banner Image

ဂျီရိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့ပြီး ဘာစီလိုနာမှာပဲ ဆက်နေခဲ့တာ မှန်ကန်တယ်လို့ ဘာနယ်လ် ဆို

ဒီရာသီမှာ ဘာစီလိုနာအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မာ့ခ်ဘာနယ်လ်က ဝန်ခံပြောကြားခဲ့ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် ရာသီအစတုန်းက ဘာနယ်လ်ကို ဂျီရိုနာအသင်းဆီ အငှားနဲ့ သွားရောက်ကစားဖို့ တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီလူငယ်ကွင်းလယ်လူက ဘာစီလိုနာမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီး အခုဆိုရင် အသင်းအတွက် ၂၇ ပွဲအထိ ကစားပေးထားကာ ၅ ဂိုး သွင်းယူထားနိုင်တာကြောင့် မျှော်လင့်ထားတာထက်ကို ပိုပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

"အစကတည်းက ကျွန်တော် ဒီမှာပဲ ဆက်နေချင်တယ်ဆိုတာ သိပါတယ်။ ဒီမှာ ရှိနေတာ နှစ်တော်တော်ကြာနေပြီဖြစ်သလို ဒါဟာ ကျွန်တော့်ဘဝရဲ့ ကလပ်အသင်းလည်း ဖြစ်ပါတယ်။ ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ တခြား ဘယ်နေရာမှာမှ ဒီလို အခိုက်အတန့်တွေကို ခံစားရမှာ မဟုတ်ပါဘူး" လို့ သူက Sport သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဘာနယ်လ်ဟာ ပြီးခဲ့တဲ့နှစ်က ဒူးခွဲစိတ်မှုကနေ ပြန်လည်သက်သာလာခဲ့သူဖြစ်ပြီး ဒဏ်ရာကနေ ပြန်လည်သန်စွမ်းရေး လုပ်ဆောင်နေစဉ်အတွင်း ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ အခုအခါမှာတော့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ တိုးတက်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဘာစီလိုနာအသင်းဟာ သူ့ရဲ့စာချုပ်ပါ သဘောတူညီချက်တွေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။