အာဆင်နယ်ကြယ်ပွင့် လူးဝစ်စကယ်လီကို အရခေါ်ယူဖို့ ယူနိုက်တက် အကြီးအကျယ် ပြင်ဆင်နေ
အာဆင်နယ်အသင်းကနေ ထွက်ခွာသွားနိုင်တဲ့ လူးဝစ်စကယ်လီကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ကမ်းလှမ်းမှုလုပ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
TeamTalk သတင်းထောက် ဂရေဟမ်ဘေလီရဲ့ အဆိုအရ ဒီရာသီမှာ နည်းပြ အာတီတာရဲ့ လက်အောက် အီမရိတ်ကွင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဒီအင်္ဂလန်လူငယ်ကြယ်ပွင့်လေးကို ခေါ်ယူဖို့ ယူနိုက်တက်က သဘောတူညီမှုရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
နောက်ထပ်လအနည်းငယ်အတွင်းမှာ လုခ်ရှောက အသက် ၃၁ နှစ်ပြည့်တော့မှာဖြစ်တာကြောင့် အသင်းအနေနဲ့ ဝါရင့်နောက်ခံလူ လုခ်ရှောအတွက် ပြိုင်ဘက်ကောင်းတစ်ဦး ရှာဖွေပေးပြီး နေရာလုခိုင်းချင်နေတာဖြစ်ကာ ဒါဟာ အသင်းရဲ့စွမ်းဆောင်ရည်ကိုလည်း ပိုကောင်းလာစေမှာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
အာဆင်နယ်ဟာ ဒီရာသီမှာ ပီယာရို ဟင်ကာပီနဲ့ ရီကာဒို ကာလာဖီယိုရီတို့နဲ့ အဆင်ပြေနေတာကြောင့် လူးဝစ်စကယ်လီအနေနဲ့ ပထမအသင်းမှာ နေရာရဖို့ ခက်ခဲနေသလို နည်းပြ အာတီတာကလည်း သူ့ကို အမြဲတမ်းလိုလို ထည့်မတွက်ဘဲ ကျော်ဖြတ်နေတာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် အသက် ၁၉ နှစ်အရွယ် ကစားသမားလေးဟာ နွေရာသီမှာ အာဆင်နယ်ကနေ ထွက်ခွာနိုင်သူ တစ်ဦးဖြစ်လာပြီး လာမယ့်ရာသီမှာ ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်လာမယ့် အသင်းနှစ်သင်းကြား ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းဖို့ ဆွေးနွေးမှုတွေရှိနေတာကြောင့် ဒါဟာ တကယ့်ကို အံ့အားသင့်စရာ အပြောင်းအရွှေ့တစ်ခု ဖြစ်လာနိုင်ပါတယ်။
လူးဝစ်စကယ်လီဟာ ပြီးခဲ့တဲ့ရာသီကမှ စာချုပ်သစ်ချုပ်ဆိုထားတာကြောင့် ၂၀၃၀ အထိ အသင်းမှာ ရှိနေမှာဖြစ်ပေမဲ့ အာဆင်နယ်ရဲ့ ပထမအသင်းမှာ နေရာရဖို့ ခက်ခဲနေတာကြောင့် ပွဲထွက်ခွင့် ပိုရနိုင်မယ့် ယူနိုက်တက်ဘက်ကို စိတ်ယိုင်သွားနိုင်ပါတယ်။ လက်ရှိမှာ ဒီနောက်ခံလူရဲ့ ပွဲထွက်ခွင့်နည်းပါးနေမှုဟာ သူ့ရဲ့ လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရရေးကိုပါ ထိခိုက်စေပြီး ကမ္ဘာ့ဖလားကလည်း နီးကပ်လာတာကြောင့် နည်းပြ သောမတ်စ်တူဟယ်လ်ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့အတွက် ယူနိုက်တက်ကို ပြောင်းရွှေ့တာက ပိုအထောက်အကူဖြစ်မယ်လို့ သူ ခံစားရနိုင်ပါတယ်။