အီဇီရဲ့နေရာမှာ နယူးကာဆယ်ကြယ်ပွင့် ဟာဗေးဘန်းစ်နဲ့ အင်္ဂလန်အစားထိုး
သောမတ်စ်တူချယ်ရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ဒဏ်ရာရသွားတဲ့ အာဆင်နယ်ကစားသမား အီဇီရဲ့နေရာမှာ အစားဝင်ဖို့ နယူးကာဆယ်တောင်ပံကစားသမား ဟာဗေးဘန်းစ်ကို ခေါ်ယူလိုက်တယ်လို့ သတင်းများထွက်ပေါ်လာတာပါ။
အသက် ၂၇ နှစ်အရွယ် အီဇီဟာ မတ်လအတွင်း ကစားမယ့် ဥရုဂွေး၊ ဂျပန်တို့နဲ့ ခြေစမ်းပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမဲ့ ဒဏ်ရာကြောင့် အသင်းကနေ ပြန်လည်နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ The Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ နည်းပြတူဟယ်ဟာ ဟာဗေးဘန်းစ်ကို ၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်းကို ကိုယ်စားပြုကစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဟာဗေးဘန်းစ်ဟာ ဒီရာသီမှာ နယူးကာဆယ်အတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ မှာ ၁၄ ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဟာဗေးဘန်းစ်ဟာ မကြာသေးခင်ကမှ စကော့တလန်အသင်းအတွက် ကိုယ်စားပြုကစားပေးဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းဆီ ပြန်လာနိုင်ဖို့ကိုပဲ အဓိက ဦးစားပေး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။