နယူးကာဆယ်ကွင်းလယ်လူ ဂူမာရေးစ်ကို ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အပြိုင်ပစ်မှတ်ထားနေ
နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနို ဂူမာရေးစ်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ နှစ်သင်းလုံးက စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နယူးကာဆယ်အသင်းအနေနဲ့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အလားအလာ နည်းပါးနေတာကြောင့် ဘဏ္ဍာရေးစည်းမျဉ်း (PSR) နဲ့ ကိုက်ညီစေဖို့အတွက် အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ကို မဖြစ်မနေ ရောင်းထုတ်ရမယ့် အခြေအနေမျိုး ရှိနေပါတယ်။
Fichajes ရဲ့ ဖော်ပြချက်အရ အသက် ၂၈ နှစ်အရွယ် အသင်းခေါင်းဆောင် ဂူမာရေးစ်ကို ခေါ်ယူဖို့ ရီးရဲလ်နဲ့ ယူနိုက်တက်တို့ဟာ ထိပ်တိုက်ရင်ဆိုင်ပြီး အပြိုင်အဆိုင် ကြိုးပမ်းသွားဖို့ အသင့်ရှိနေကြပါတယ်။
လူကာမိုဒရစ်ရဲ့နေရာမှာ ရေရှည်အတွက် အစားထိုးဖို့ ရှာဖွေနေတဲ့ ရီးရဲလ်မက်ဒရစ် အကြီးအကဲတွေကြားမှာ ဒီကွင်းလယ်လူဟာ အတော်လေးကို ရေပန်းစား သဘောကျခြင်း ခံထားရတာပါ။
နယူးကာဆယ်အသင်းကတော့ သူတို့ရဲ့ အကောင်းဆုံးနဲ့ အရေးပါဆုံး ကစားသမားတစ်ယောက်ကို ရောင်းချဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းထက်မနည်း တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။