The network connection is lost.

Banner Image

ဆန်းဒါးလန်းရဲ့ ကိုယ်ပိုင်ဟန်ကြောင့် နယူးကာဆယ်ကို အနိုင်ရခဲ့တာဖြစ်တယ်လို့ အခိုင်အမာဆိုလာတဲ့ လီဘရစ်

ယမန်နေ့က ကစားခဲ့တဲ့ ဒါဘီပွဲစဉ်မှာ နယူးကာဆယ်ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆန်းဒါးလန်းနည်းပြ ရီဂျစ် လီဘရစ်က အသင်းသားတွေရဲ့ စည်းလုံးမှုကို အလွန်ကျေနပ်အားရနေပါတယ်။

ဆန်းဒါးလန်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၉၀ မိနစ်မှာ ဘရိုင်ယန် ဘရော့ဘီက သွင်းယူပေးခဲ့ပြီး ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပုံစံနဲ့ အနိုင်ရအောင် ကစားခဲ့သလဲဆိုတဲ့အပေါ် လီဘရစ်က "ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဟန် ကြောင့်ပါ။ အစပိုင်းမှာ အမှားတစ်ခုကြောင့် ပွဲက သိပ်မကောင်းခဲ့ပေမဲ့ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ လုပ်ချင်တဲ့ အစီအစဉ်အတိုင်း ဆက်လုပ်နိုင်ခဲ့ပါတယ်" လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

"ဒီကွင်းက ကစားရခက်ခဲတဲ့ နေရာတစ်ခုဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကလည်း ပြင်းထန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့တယ်။ ဒီပွဲက အရမ်းအရေးကြီးပြီး မရှုံးချင်တာကြောင့် ပထမပိုင်းအပြီးမှာတော့ စိတ်လှုပ်ရှားမှုတွေ အနည်းငယ် ရှိခဲ့ပါတယ်"

"ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ အတူတူ တွန်းအားပေးကစားခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အဲဒီအကျိုးရလဒ်ကို မြင်တွေ့ခဲ့ရပါတယ်။ တချို့အချိန်တွေမှာ ရုန်းကန်ခဲ့ရပေမဲ့ အခွင့်အရေးတချို့ကို ဖန်တီးနိုင်ခဲ့သလို ကောင်းမွန်တဲ့ ဘောလုံးကစားဟန်ကိုလည်း ပြသနိုင်ခဲ့ပါတယ်"

ဒီနေ့ပွဲအပေါ် ခံစားချက်နဲ့ပတ်သက်ပြီး သူက "ဒါဟာ ပွဲတစ်ခုလုံးရဲ့ ရလဒ်ပါပဲ။ ကျွန်တော်တို့ နိုင်ချင်သလို အသင်းအတွက်လည်း ဂုဏ်ယူချင်တာပါ။ ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ပုံစံ၊ အထူးသဖြင့် ဂိုးပေးလိုက်ရပြီးနောက်မှာ အသင်းသားတွေရဲ့ တုံ့ပြန်ပုံကို တကယ် သဘောကျပါတယ်။ သူတို့တွေက တည်တည်ငြိမ်ငြိမ်နဲ့ပဲ အခွင့်အရေးကို စောင့်ဆိုင်းပြီး အမိအရ အသုံးချနိုင်ခဲ့ကြတယ်" လို့ ဆက်ပြောပါတယ်။

"ကျွန်တော်တို့ ဒီပွဲကို ဒဏ်ရာရကစားသမား ၆ ယောက်၊ ၇ ယောက်လောက်နဲ့ စတင်ခဲ့ရတာပါ။ ဆိုလိုတာက ကျန်တဲ့သူတွေဟာ အစွမ်းပြနိုင်ခဲ့ကြပြီး ဒါဟာ အသင်းရဲ့ အရည်အသွေးကို ပြသနေတာပါပဲ။ ဒီနေ့မှာ သူတို့တွေ တကယ်ကို ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့လို့ ကျွန်တော် အရမ်းဂုဏ်ယူသလို အလွန်လည်း ဝမ်းသာပါတယ်"

လူရှာရယ် ဂီထရူဒါ အပေါ် ပရိသတ်တွေရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီးလည်း သူက "ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် အတိအကျ မသိသေးပေမဲ့ ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဒိုင်လူကြီးကတော့ ဒီပြဿနာကို ချက်ချင်း အစီရင်ခံခဲ့တာကြောင့် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လို့ ပြောရမှာပါ။ ဂီထရူဒါကတော့ အဆင်ပြေပုံရပေမဲ့ ကျွန်တော်တို့ ဆက်ကြည့်သွားရမှာပါ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။