မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်ကို တက်ချီနာဒီ တိုက်တွန်း
ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်လူဟောင်း အလက်စီယို တက်ချီနာဒီက မန်စီးတီးအသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့အတွက် ထောက်ခံအားပေးလိုက်ပါတယ်။
ဘာနာဒိုဆေးလ်ဗားရဲ့ စာချုပ်က ဒီရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကပဲ ဂျူဗင်တပ်စ်အသင်းဆီကနေ ကြိုတင်စာချုပ် ကမ်းလှမ်းမှုတစ်ခု ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားကို နောက်ရာသီမှာ အသင်းဆီ ပြောင်းလာစေချင်တယ်လို့ တက်ချီနာဒီက ဆိုပါတယ်။
"သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ဘာနာဒိုဆေးလ်ဗားသာ ဂျူဗင်တပ်စ်ကို ရောက်လာခဲ့ရင် နိုဝင်ဘာလကုန်လောက်ရောက်တဲ့အခါ 'သူက အသစ်ဖြစ်နေတုန်းမို့ အသားကျဖို့ ကြိုးစားနေတုန်းပဲ' လို့ ကျွန်တော်တို့ ဘယ်တော့မှ ပြောရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တော်တဲ့ကစားသမားတွေက ဘယ်နေရာမှာပဲကစားကစား အမြဲတမ်း ခြေစွမ်းပြနိုင်လို့ပါ" လို့ ၎င်းက Il Bianconero ကို ပြောကြားခဲ့ပါတယ်။
"သူက တကယ့်ကို ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ ဂျူဗင်တပ်စ်အနေနဲ့ အခုလို ထိပ်တန်းကစားသမားတွေကိုပဲ အဓိကထားပြီး ခေါ်ယူသွားဖို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။