ဗီကာရီယိုကိုခေါ်ယူဖို့ အင်တာမီလန်ကို ပါလီယူကာ အကြံပေး
အင်တာမီလန်အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်သူ ဂျန်လူကာ ပါလီယူကာက တော့တင်ဟမ်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဂူဂလီယဲလ်မို ဗီကာရီယိုကို ခေါ်ယူဖို့အတွက် ထောက်ခံအားပေးလိုက်ပါတယ်။
အင်တာမီလန်အသင်းဟာ လာမယ့် ဇွန်လကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာတော့မယ့် ဝါရင့်ဂိုးသမား ယန်းဆော်မာရဲ့နေရာမှာ အစားထိုးဖို့အတွက် ရှာဖွေနေတာဖြစ်ပြီး ဗီကာရီယိုက သူတို့ရဲ့ အဓိကပစ်မှတ် ဖြစ်နေပါတယ်။
ပါလီယူကာက TMW ကို အခုလို ပြောကြားခဲ့ပါတယ်။ "အင်တာမီလန်အနေနဲ့ တောင့်တင်းတဲ့ ဂိုးသမားတစ်ယောက် လိုအပ်နေပြီး ဗီကာရီယိုက အဲဒီလိုလူမျိုးပါ။ သူက ကမ္ဘာ့အဆင့်မီ ထိပ်တန်းလိဂ်မှာ ကစားနေတာဖြစ်သလို မကြာသေးခင်အချိန်အထိ ပရီမီယံလိဂ်ဖလားကို မျှော်မှန်းခဲ့တဲ့ အသင်းမှာလည်း ကစားနေသူ ဖြစ်ပါတယ်။
အထူးသဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးနောက်ပိုင်းမှာ သူဟာ တော့တင်ဟမ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်မှာ သူ အနည်းငယ် ရုန်းကန်နေရပေမဲ့ ဒါဟာ အသင်းတစ်သင်းလုံး ကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်သလို သူတို့ နည်းပြတွေလည်း ပြောင်းလဲခဲ့ကြလို့ပါ။
သူက လက်ရှိ အီတလီရဲ့ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်ပါ။ သူက ထိပ်တန်းကစားသမားအဆင့်ကိုတော့ လုံးဝမရောက်သေးပေမဲ့ အင်တာမီလန်က သူ့ကို ခေါ်ယူမယ်ဆိုရင် သူက အီတလီလူမျိုးဖြစ်လို့ မဟုတ်ဘဲ အရည်အချင်းရှိလို့သာ ခေါ်ယူမှာပါ။ မကြာသေးခင်နှစ်တွေအတွင်းမှာလည်း အင်တာမီလန်က သူတို့ တတ်နိုင်သမျှ အကောင်းဆုံးသူတွေကိုပဲ အမြဲ ရွေးချယ်ခဲ့တာပါ။
သူက ဂိုးပေါက်ကာကွယ်တဲ့နေရာမှာ အရမ်းတော်ပေမဲ့ ဂိုးရှေ့ကနေ ထွက်ပြီး ကာကွယ်တဲ့အပိုင်းမှာတော့ ပိုကောင်းအောင် လုပ်ဖို့ လိုပါသေးတယ်။ တစ်ခါတလေ သူက ဂိုးစည်းနားမှာပဲ အရမ်းကပ်နေတတ်လို့ပါ။ အီတလီထိပ်တန်းအသင်းတစ်သင်းအတွက် ဒါဟာ စိန်ခေါ်မှုအသစ် ဖြစ်လာနိုင်ပေမဲ့ သူ သေချာပေါက် လုပ်နိုင်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။