မန်စီးတီးကိုအနိုင်ရရှိမှုဆိုတာ ယုံကြည်မှုပိုင်းအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဆိုလိုက်တဲ့ အနိုင်ဂိုးရှင်ဗင်နီစီးယက်စ်
အင်္ဂါနေ့၊ အီတီဟတ်ကွင်းချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်စ်က နှစ်ဂိုးသွင်းယူနိုင်ခဲ့လို့ အလွန်ဝမ်းမြောက်ကျေနပ်နေပါတယ်။
ဒီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် ကွာတားဖိုင်နယ်အဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။
"ဒီပွဲစဉ်က ကျွန်တော်တို့ရဲ့ ယုံကြည်မှုအတွက် အင်မတန်အရေးကြီးပါတယ်။ ဒီရာသီအစကတည်းက ကျွန်တော်တို့ ကောင်းမွန်တဲ့ပွဲစဉ်တွေ အများကြီးကစားခဲ့ရပေမဲ့ ဒီနှစ်ကျော့ပွဲစဉ်မှာလောက်တော့ ပွဲကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ တကယ်ကို ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပြီး တော်တော်လေးကောင်းတဲ့အသင်း၊ တော်တော်လေးကောင်းတဲ့ နည်းပြနဲ့ ရင်ဆိုင်ခဲ့ရတာပါ" လို့ ဗင်နီစီးယက်စ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
"သူတို့က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူထားနိုင်ပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်း ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ကြိုးစားအားထုတ်ပြီး ရလာတဲ့ အခွင့်အရေးတွေကို အသုံးချဖို့ပါပဲ။ အရင်ကတော့ ကျွန်တော် အခွင့်အရေးတွေ အများကြီးလွဲချော်ခဲ့ဖူးပေမဲ့ ဒီနေ့မှာတော့ အများကြီးမလိုခဲ့ပါဘူး။ ဒါက အရေးကြီးတဲ့အခိုက်အတန့်တစ်ခုပါ။ ကစားသမားတိုင်းက ပွဲကောင်းတွေ လာတော့မယ်ဆိုတာ သိထားကြပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ဒီပြိုင်ပွဲမှာ ကစားပြီဆိုရင် ပရိသတ်တွေရော ကစားသမားတွေပါ အရာအားလုံးက ပြောင်းလဲသွားတတ်ပါတယ်။ နောက်ထပ်လာမယ့် ပွဲစဉ်တွေအတွက်လည်း ကျွန်တော်တို့ အဆင်သင့်ပါပဲ" လို့ ၎င်းက ဆိုပါတယ်။
ပင်နယ်တီကန်သွင်းယူခဲ့ပုံနဲ့ ပတ်သက်ပြီးတော့လည်း ဘရာဇီးလက်ရွေးစင်ကစားသမားက "အမှန်အတိုင်းပြောရရင် ဗယ်လ်ဗာဒီက ပထမအကျော့မှာ ကောင်းကောင်းကစားနိုင်ခဲ့လို့ သူ့ကို ကန်ခိုင်းခဲ့တာပါ။ ပထမပင်နယ်တီကို သူ့ကို ကန်ခိုင်းခဲ့ပေမဲ့ သူမကန်ချင်ခဲ့လို့ ကျွန်တော်ကန်ခဲ့ရာမှာ လွဲချော်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သူက ခေါင်းဆောင်ကောင်းတစ်ယောက်ပီပီ ကျွန်တော့်ကို ယုံကြည်မှုတွေ အပြည့်အဝပေးခဲ့ပါတယ်။ သူက ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့လို့ ကျွန်တော် ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းအနိုင်ရဖို့အတွက် ကူညီပေးနိုင်ခဲ့တာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။