ဥရောပထိပ်တန်းကလပ်တွေရဲ့ရေဒါမှာ ပါဝင်နေတဲ့ အသင်းဖော်ဂီလာကို ပက်ထရစ်ချီးကျူး
လာဇီယိုနောက်ခံလူပက်ထရစ်က သူ့ရဲ့အသင်းဖော်မာရီယိုဂီလာရဲ့ အခုရာသီခြေစွမ်းပိုင်းကို ချီးကျူးစကားဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အေစီမီလန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂီလာက လာဇီယိုအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနို်ငခဲ့ပါတယ်။
သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ အေစီမီလန် ပါဝင်နေသလို အက်သလက်တီကိုမက်ဒရစ်နဲ့ အင်တာမီလန်တို့လည်း ကစားသမားရဲ့ခြေစွမ်းပိုင်းကို စိတ်ဝင်စားနေကြပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်း ကစားသမားပိုင်ဆိုင်ခွင့် ၅၀ ရာခိုင်နှုန်းကို လက်ဝယ်ရှိထားလို့ အခြေအနေကို စောင့်ကြည့်နေပါတယ်။
တနင်္ဂနွေညပိုင်းအနိုင်ရရှိမှုအပြီး ဂီလာရဲ့တွဲဖက်ခံစစ်မှူးပက်ထရစ်က " သူက သိသိသာသာတိုးတက်လာနေပြီး ကြံ့ခိုင်မှုပိုင်းမှာလည်း အံ့ဩစရာကောင်းပါတယ်။ ခံစစ်ဧရိယာထဲမှာ အဲ့ဒီလောက်အထိ မြန်ဆန်တဲ့ ကစားသမားမျိုး တွေ့ရခဲပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"သူ အခုလိုမျိုးဆက်ပြီး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အနာဂတ်အကြောင်းကိုတော့ ကျွန်တော်မပြောချင်ပါဘူး၊ ဒါက သူ့ရဲ့ကိုယ်ပိုင်ကိစ္စပါ။ သူကိုယ်တိုင် စိတ်အေးအေးထားပြီး အာရုံစိုက်ဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ကိုလည်း အနာဂတ်အကြောင်းတွေ ဘာမှလာမပြောပါနဲ့" လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။