The network connection is lost.

Banner Image

နာပိုလီမှာပဲ ဆက်နေလိုကြောင်း အတိအလင်းပြောကြားလာတဲ့ ကွန်တီ

အန်တိုနီယို ကွန်တီက နာပိုလီအသင်းမှာပဲ ဆက်နေချင်တယ်လို့ ပြောလိုက်ပါတယ်။ စနေနေ့က လက်ချီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာတော့ နာပိုလီနည်းပြက လာမယ့်ရာသီမှာလည်း အသင်းနဲ့အတူ ဆက်လက်လက်တွဲသွားချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာပါ။

"ကျွန်တော် နာပိုလီနဲ့ စာချုပ်ချုပ်ခဲ့တုန်းက သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ ကျွန်တော် တစ်နေ့နေ့မှာ အသင်းကနေ ထွက်ခွာဖြစ်ခဲ့ရင်တောင်မှ အသင်းအတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ချပေးခဲ့ပြီးမှ ထွက်ခွာချင်တယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ အဲဒီ အုတ်မြစ်ဆိုတာက လိဂ်ဖလား၊ ရှုံးထွက်ဖလားတွေ ရယူပေးနိုင်ဖို့နဲ့ ချန်ပီယံလိဂ်မှာ ဝင်ရောက်ကစားနိုင်ဖို့ပါပဲ" လို့ ကွန်တီက AreaNapoli ကို ပြောပြခဲ့ပါတယ်။

"ထိပ်တန်းနည်းပြတော်တော်များများအတွက်တော့ ချန်ပီယံလိဂ်ဟာ အရေးကြီးတဲ့ ပစ်မှတ်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြိုင်ပွဲကနေ ကလပ်အသင်းအတွက် ဝင်ငွေအမြောက်အမြား ရရှိစေနိုင်တာကြောင့်လည်း ပါဝင်ပါတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် နာပိုလီမှာ သူဆက်ရှိဖို့ဆိုတာဟာ ကလပ်အသင်းရဲ့ အစီအစဉ်တွေက သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ ထပ်တူကျဖို့အပေါ်မှာ မူတည်တယ်လို့လည်း ကွန်တီက အလေးပေးပြောကြားခဲ့ပါတယ်။

"အကယ်၍ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ် ထားရှိတဲ့ အမြင်ချင်း မတူညီတော့ဘူးဆိုရင်တော့ ကျွန်တော့်ဘက်က လေးလေးစားစားနဲ့ပဲ နှုတ်ဆက်ထွက်ခွာသွားမှာပါ" လို့ ကွန်တီက ပြောပါတယ်။ "ဒီမြို့က ပရိသတ်တွေနဲ့ မြို့ရဲ့ အခြေအနေတွေကို ကျွန်တော် တကယ်ကို နှစ်သက်ပါတယ်။ ကျွန်တော် ဆက်နေချင်ပါတယ်၊ အခြေအနေတွေသာ အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ ဆက်လက်လက်တွဲသွားမှာပါ" လို့ ၎င်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။