အီတလီဘောလုံးလောကမှာ အကြီးအကျယ် ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ ဆက်ဆူအိုလို ကွင်းလယ်လူ မာတစ် ပြောကြား
အီတလီဘောလုံးလောကအနေနဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် ဥရောပရဲ့ ထိပ်တန်းလိဂ်တွေနဲ့ အလှမ်းဝေးပြီး ကျန်ရစ်ခဲ့တော့မယ်လို့ ဆက်ဆူအိုလိုအသင်းရဲ့ ကွင်းလယ်လူ နီမန်ဂျာမာတစ်က ပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ လိုင်ယွန်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ မာတစ်က အီတလီဘောလုံးလောကဟာ လူငယ်မျိုးဆက်သစ် လေ့ကျင့်ပျိုးထောင်မှုအပိုင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
၎င်းက La Gazzetta dello Sport သတင်းစာကို အခုလို ပြောပြခဲ့တာပါ။ "အီတလီဘောလုံးလောကဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေထဲမှာပဲ ပိတ်မိနေတုန်းပါပဲ။ ပထမဆုံးပြဿနာကတော့ လူငယ်အကယ်ဒမီတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်သားကို ကြည့်ပြီးတော့လည်း သိနိုင်တယ်၊ အင်္ဂလန်နဲ့ ပြင်သစ်က လူငယ်လေ့ကျင့်ရေးကဏ္ဍတွေဟာ အီတလီထက် အများကြီး ပိုပြီးသာလွန်နေပါတယ်။"
"သူတို့က နေထိုင်စားသောက်မှုပုံစံကအစ နည်းစနစ်ပိုင်း တိုးတက်လာအောင် သင်ပေးကြသလို ကွင်းထဲမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကြိုးစားရင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်အောင်လည်း အားပေးကြပါတယ်။"
"နောက်ထပ် တစ်ခုကတော့ နည်းဗျူဟာပိုင်းပါ။ နည်းဗျူဟာက အရေးကြီးတယ်ဆိုပေမဲ့ အီတလီမှာက ဒါကိုပဲ အရမ်းအလေးပေးလွန်းနေပါတယ်။ အသင်းအတော်များများက နောက်ခံလူ သုံးယောက်နဲ့ ကစားကြပြီး တိုက်စစ်ဆင်တာက အရမ်းနည်းလွန်းပါတယ်။"
"အီတလီလိဂ်မှာ ကစားအား လိုအပ်နေတယ်လို့ ပြောကြပေမဲ့ ကိုယ့်ဘက်ခြမ်းမှာပဲ အဓိကထား ခံစစ်ပိတ်ကစားနေကြတာဆိုတော့ ကစားအားက ဘယ်လိုလုပ် တက်လာနိုင်မှာလဲ" လို့ မာတစ်က မေးခွန်းထုတ်ခဲ့ပါတယ်။
"ဆန်းသစ်တဲ့ စီမံကိန်းမျိုးတွေ လိုအပ်နေပါပြီ၊ ဒါမှမဟုတ်ရင်တော့ နောက်ထပ် နှစ်အနည်းငယ်ကြာတဲ့အခါ အခြေအနေတွေက အခုထက် ပိုဆိုးသွားပါလိမ့်မယ်။ အခု ကျွန်တော်ကိုယ်တိုင် အီတလီဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတဲ့အတွက် ဒါကို မြင်ရတာ တကယ် စိတ်မကောင်းဖြစ်ရပါတယ်။ အီတလီဘောလုံးလောကကို နောက်ထပ် အဆင့်အတန်းတစ်ခုမှာပဲ မြင်ချင်ပါတယ်" လို့ ဆိုပါတယ်။