The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကွင်းရဲ့ လွှမ်းမိုးမှုက မန်စီးတီးအသင်းကို တုန်လှုပ်သွားစေခဲ့တယ်လို့ ဘာနာဒို ဆေးလ်ဗား ဝန်ခံ

ဗုဒ္ဓဟူးနေ့ညက ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ခရီးစဉ်ကို လက်လျှော့ဖို့ အကြောင်းပြချက်မရှိဘူးလို့ မန်စီးတီးအသင်းခေါင်းဆောင် ဘာနာဒို ဆေးလ်ဗားက အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ဖယ်ဒီရီကို ဗယ်ဗာဒီက ပထမပိုင်းမှာတင် ဟတ်ထရစ် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗီနီစီးယက်စ် ဂျူနီယာရဲ့ ပင်နယ်တီကန်ချက်ကို ဂိုးသမား ဂျန်လူဝီဂျီ ဒွန်နာရမ်မာက ကာကွယ်နိုင်ခဲ့တာကြောင့် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အတွက် မန်စီးတီးတို့ မျှော်လင့်ချက် အနည်းငယ် ပြန်လည်ရရှိခဲ့ပါတယ်။

၃ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဘာနာဒို ဆေးလ်ဗားက "၃ ဂိုးပြတ် ဖြစ်သွားတဲ့အခါ အခြေအနေက နည်းနည်း ပိုခက်ခဲသွားပါတယ်။ အခုချိန်မှာတော့ တကယ်ကို ခံစားရဆိုးပြီး အရာရာဟာ မှောင်မိုက်နေသလိုပါပဲ။ ဒါပေမဲ့ မနက်ဖြန်ဟာ နေ့သစ်တစ်ခု ဖြစ်သလို နောက်အပတ်မှာလည်း ကျွန်တော်တို့ မျှော်လင့်ချက်ရှိတယ်ဆိုတဲ့ စိတ်နဲ့ ပွဲထွက်သွားမှာ သေချာပါတယ်" လို့ ဆိုပါတယ်။

"အခုချိန်ဟာ ကျွန်တော်တို့ ဘာတွေမှားယွင်းခဲ့လဲဆိုတာကို ပြန်လည်သုံးသပ်ရမယ့် အချိန်ပါ။ နောက်အပတ်အတွက် ပြင်ဆင်တဲ့အခါမှာတော့ တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် ၎င်းက "ပွဲအကြောင်း ပြောဖို့တော့ နည်းနည်း ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲကို ပြန်ကြည့်ဖို့ လိုအပ်လို့ပါ။ ကွင်းထဲမှာ ကျွန်တော့်ရဲ့ ခံစားချက်ကတော့ ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကွင်းအတွင်း အခြေအနေ (Environment) တွေကိုတော့ ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့သလို ကျွန်တော့်အသင်းဖော်တွေရဲ့ စိတ်ခံစားချက်တွေက ပွဲအပေါ် သက်ရောက်မှုရှိသွားတယ်လို့ ထင်ပါတယ်"

"ကျွန်တော်တို့ ကစားရတာ သက်သောင့်သက်သာရှိခဲ့သလို နေရာလွတ်တွေကိုလည်း မှန်မှန်ကန်ကန် ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမဂိုး ပေးလိုက်ရပြီးနောက်မှာတော့ ပွဲကို လုံးဝ မထိန်းချုပ်နိုင်တော့သလို ကစားကွက် အကူးအပြောင်းတွေနဲ့ ဒုတိယဘောလုံး တွေကိုလည်း မထိန်းနိုင်တော့ပါဘူး။ ရီးရဲလ်မက်ဒရစ်လို အရည်အသွေးရှိတဲ့ အသင်းနဲ့ ကစားတဲ့အခါမှာတော့ (အမှားအယွင်းရှိရင်) အခုလို အကျိုးဆက်ကို ခံစားရမှာပါပဲ" လို့ ဘာနာဒို ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။