The network connection is lost.

Banner Image

နယူးကာဆယ်က ဘာစီလိုနာထက်ပိုကောင်းခဲ့တယ်လို့ဆိုလာတဲ့ လူးဝစ်ဟောလ်

နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ တောင်ပံနောက်ခံလူ လူးဝစ်ဟောလ်က အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့ပြီးနောက် အသင်းဖော်တွေအနေနဲ့ စိတ်ဓာတ်မကျဘဲ အကောင်းမြင်စိတ်ထားကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ၁၆ သင်းအဆင့် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ဟာဗေးဘန်းစ်က ပွဲကစားချိန် ၈၆ မိနစ်မှာ နယူးကာဆယ်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တာပါ။ ဒါပေမဲ့ ပွဲပြီးခါနီး မိနစ် ၉၀+၆ မှာ ဒါနီအိုလ်မိုကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို လာမင်းယာမလ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့လို့ တစ်ဖက်တစ်ဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဟောလ်က "ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက တကယ့်ကို ထူးရှူးပြောင်မြောက်ခဲ့တယ်လို့ ထင်ပါတယ်။ နောက်ဆုံးမိနစ်မှာ ဂိုးပေးလိုက်ရပေမဲ့ ဒါဟာ ကျွန်တော်တို့ရဲ့ တစ်ပွဲလုံးကစားခဲ့တဲ့ စွမ်းဆောင်ရည်အစစ်အမှန်ကို ထင်ဟပ်တာမျိုးတော့ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။

"တကယ်လို့ ဒုတိယအကျော့မတိုင်ခင် ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလဒ်ကိုသာ ဆုပ်ကိုင်ထားနိုင်ခဲ့ရင် ကျွန်တော်တို့အတွက် ပိုကောင်းတဲ့ အနေအထားမှာ ရှိနေမှာပါ"

"ဒီနေ့မှာ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြတဲ့အတွက် တကယ်ကို ဂုဏ်ယူဖို့ ကောင်းပါတယ်။ သူတို့က ထိပ်တန်းအသင်းတစ်သင်းဖြစ်သလို ဒီပွဲက ခက်ခဲမယ်ဆိုတာလည်း ကျွန်တော်တို့ ကြိုသိထားပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ ကိုယ့်ကိုယ်ကိုယ် တကယ်ကို ဂုဏ်ယူမိပါတယ်"

"ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားတိုင်း ပွဲစကတည်းက အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်ချင်ကြတာပါ။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရတဲ့ ဘယ်အသင်းမဆို ဒါကို သိကြမှာပါ။ ဒီနေ့မှာလည်း ကျွန်တော်တို့ ဒါကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ မိနစ် ၉၀ ပြည့်တဲ့အထိ ကျွန်တော်တို့ရဲ့ အားအင်နဲ့ ကြံ့ခိုင်မှုက အပြည့်အဝ ရှိနေခဲ့ပါတယ်။ တကယ်တော့ ဒီပွဲမှာ အခုထက် ပိုကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့တာပါ"

"ကျွန်တော်တို့တွေ အရှိန်ရနေတဲ့ အချိန်တိုင်းမှာ အားကုန်ရုန်းပြီး ပိုပြီးတော့ပဲ တွန်းအားပေးချင်ကြတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို ပြသနေတာပါပဲ။ တချို့အချိန်တွေမှာ အရှိန်လွန်သွားတတ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ပွဲပြီးခါနီးမှာ နောက်ထပ်ဂိုးတစ်ဂိုးရဖို့ ကြိုးစားရင်းနဲ့ ကျွန်တော်တို့ အရှိန်လွန်သွားခဲ့တယ်ဆိုတဲ့ ပြောစရာအချက်တော့ ရှိကောင်းရှိနိုင်ပါတယ်"

ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဟောလ်က "သူတို့ကွင်းမှာ သွားကစားပြီး ရလဒ်ကောင်းတစ်ခုရဖို့ဆိုတာ တကယ်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ဆိုရင်တော့... တကယ်လို့ တစ်စုံတစ်ယောက်ကသာ ဒါကို လုပ်နိုင်မယ်ဆိုရင် အဲ့ဒါဟာ ကျွန်တော်တို့အသင်းပဲ ဖြစ်ပါလိမ့်မယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။