လာဇီယိုနဲ့အတူ ရှိနေရလို့ စိတ်ကျေနပ်မိတယ်လို့ ဆိုလိုက်တဲ့ မာလ်ဒီနီ
ဒန်နီရယ်မာလ်ဒီနီက လာဇီယိုအသင်းမှာ ဘောလုံးကစားရခြင်းအတွက် ပျော်ရွှင်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အီတလီတိုက်စစ်မှူးမာလ်ဒီနီက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အတ္တလန္တာမှ လာဇီယိုဆီ အငှားစာချုပ်ဖြင့် လာရောက်ပူးပေါင်းခဲ့ပါတယ်။
DAZN နဲ့တွေ့ဆုံချိန် သူက " သွင်းဂိုးတွေ၊ ကစားပုံနဲ့ အသင်းရဲ့ အနိုင်ရလဒ်တွေအပါအဝင် အရာအားလုံးအပေါ် ကျွန်တော် စိတ်ကျေနပ်မှု ရှိပါတယ်။ ကျွန်တော်တို့အတွက် ဒီသုံးမှတ်က တကယ်ကို လိုအပ်နေတာဖြစ်လို့ အရမ်းလည်း ဝမ်းသာရပါတယ်။ အရင်က တစ်ခါမှ မလုပ်ဖူးတဲ့ ကစားဟန်အသစ်တွေကို သင်ယူနေရပေမဲ့ ကျွန်တော့်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ အများကြီးရှိနေလို့ ကျွန်တော်ကတော့ ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့မှာ တကယ့်ကိုကောင်းမွန်တဲ့အသင်းတစ်ခု ရှိနေသလို ကျွန်တော်လည်း အသင်းအတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်" လို့ ဆိုပါတယ်။
"အရင်ကတော့ ကျွန်တော်က ဘယ်တောင်ပံမှာပဲ အမြဲကစားလေ့ရှိပြီး ဂိုးပေါက်ကို ကျောပေးကစားရတာမျိုး သိပ်မရှိခဲ့ပါဘူး၊ ဒါပေမဲ့ အခုတော့ အရာအားလုံးက အဆင်ပြေနေပါတယ်။ ဆာရီက ကျွန်တော့်အပေါ် ယုံကြည်မှုတွေ အပြည့်အဝ ပေးထားပါတယ်။ ကျွန်တော်စရောက်တဲ့နေ့မှစပြီး သူက ကျွန်တော့်ကို စိတ်သက်သောင့်သက်သာဖြစ်စေခဲ့သလို တိုက်စစ်ပိုင်းတစ်ခုလုံးမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားပြီး ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်အောင်လည်း အခွင့်အရေး ပေးထားပါတယ်" လို့ မာလ်ဒီနီက ဆက်လက်ပြောကြားခဲ့ပါတယ်။
"လက်ရွေးစင်အသင်းနဲ့ပတ်သက်ရင်တော့ ကျွန်တော် အမြဲစဉ်းစားနေပါတယ်။ ပလေးအော့ဖ်ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရပြီး အီတလီလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ကူညီပေးနိုင်ဖို့ဆိုတာ အိပ်မက်တစ်ခုပါပဲ" လို့လည်း သူက ဆိုပါတယ်။