နောက်ထပ်အနီကတ်ပြသခံရပြီးနောက် ပေါ်တိုလက်ထောက်နည်းပြကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ မော်ရင်ဟို
ဘင်ဖီကာနည်းပြဟိုဆေးမော်ရင်ဟိုက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပေါ်တူဂီလိဂ်ပွဲစဉ်မှာ သူ့ကို "သစ္စာဖောက်" လို့ခေါ်ဝေါ်ခဲ့တဲ့ ပေါ်တိုအသင်းလက်ထောက်နည်းပြတစ်ဦးကို ပြင်းပြင်းထန်ထန်တုံ့ပြန်ဝေဖန်လိုက်ပါတယ်။
အသက် ၆၃ နှစ်အရွယ်နည်းပြက ၂၀၀၂ ဇန်နဝါရီကနေ ၂၀၀၄ ဇွန်လအထိ ပေါ်တိုအသင်းကို တာဝန်ယူခဲ့ပြီး ချန်ပီယံလိဂ်ဖလားအောင်မြင်မှုအပါအဝင် နာမည်ကျော်အောင်ပွဲတွေကို ဖန်တီးပေးခဲ့ပါတယ်။ သူက အခုဘောလုံးရာသီအစပိုင်းမှာတော့ ဘင်ဖီကာအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။
ဘာရဲရိုးရဲ့ ပွဲကစားချိန် ၈၈ မိနစ်ချေပဂိုးကြောင့် ဘင်ဖီကာရဲ့ဒီရာသီရှုံးပွဲမရှိစံချိန် ဆက်လက်တည်တံ့နေပါတယ်။ ဒါပေမဲ့ ဒါက တနင်္ဂနွေညရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်တော့ မဖြစ်လာခဲ့ပါဘူး။
ဂိုးရပြီးတခဏအကြာမှာပဲ ပြိုင်ဘက်အသင်းရဲ့အရန်ခုံကလူတွေနဲ့ အခြေအတင်စကားများခဲ့ပြီးနောက် မော်ရင်ဟိုက ဘင်ဖီကာနည်းပြသက်တမ်းတလျှောက် ဒုတိယမြောက်အနီကတ်ပြစ်ဒဏ်ကို ရရှိသွားပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ မော်ရင်ဟိုက ကြုံတွေ့ခဲ့ရတဲ့အခြေအနေကို ရှင်းပြခဲ့ပါတယ်။ "ဒိုင်လူကြီးက ကျွန်တော့်ကို အနီကတ်ပြပြီး ထုတ်လိုက်တာက ပေါ်တိုအသင်းရဲ့အရန်ခုံတန်းဘက်ဆီ ဘောလုံးနဲ့ကန်ခဲ့လို့ဖြစ်တယ်လို့ ပြောပါတယ်။"
"ဒါ လုံးဝမမှန်ပါဘူး။ ကျွန်တော်တို့ ဂိုးသွင်းနိုင်ချိန်တိုင်း ကံကောင်းတဲ့ ပရိသတ်တစ်ဦးဦးကို လက်ဆောင်ပေးဖို့အတွက် ဘောလုံးကို ပရိသတ်တွေရှိတဲ့ စင်ပေါ် ကန်တင်လေ့ရှိပါတယ်။ ကျွန်တော့်ရဲ့ကန်ချက်က နည်းစနစ်ပိုင်းအရ သိပ်မကောင်းတာသိပေမဲ့ အဲ့ဒီဘောလုံးက ပရိသတ်တွေဆီကိုပဲ ရည်ရွယ်ခဲ့တာပါ။"
"ကျွန်တော့်ကို အနီကတ်ပြတာ လုံးဝမှားယွင်းပါတယ်။ စတုတ္ထဒိုင်ကလည်း ပွဲတစ်ပွဲလုံး အမှားအယွင်းတွေ လုပ်ခဲ့သလို ကွင်းလယ်ဒိုင်ဆီ ကျွန်တော် အဲ့ဒီအကြောင်းသွားပြောတဲ့အချိန်မှာလည်း သူက သူ့အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး" လို့ မော်ရင်ညိုက ဆိုပါတယ်။
အဲ့ဒီနောက်မှာတော့ ပေါ်တိုကွင်းလယ်လူဟောင်း၊ လက်ရှိနည်းပြအဖွဲ့ဝင်ဖြစ်နေတဲ့ လူချိုဂွန်ဇာလက်စ်ကို အလွန်အမင်းဒေါသထွက်မိတယ်လို့ မော်ရင်ဟိုက အတည်ပြုခဲ့ပါတယ်။
"သူ ကျွန်တော့်ကို သစ္စာဖောက်လို့ အကြိမ် ၅၀ လောက် ခေါ်ခဲ့ပါတယ်။ သူ ကျွန်တော့်ကို ဘာအတွက်သစ္စာဖောက်တယ်လို့ ပြောတာလဲဆိုတာ ရှင်းပြစေချင်ပါတယ်။ ကျွန်တော် ပေါ်တိုဆီရောက်ခဲ့တုန်းက ပေါ်တိုအတွက် ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပုံအောပေးခဲ့ပါတယ်။ အဲ့ဒီနောက် ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်စတဲ့ ကမ္ဘာတစ်ဝှမ်းကလပ်အသင်းတွေဆီ သွားခဲ့ပြီး နေ့စဉ် ၂၄ နာရီပတ်လုံးအချိန်ပေးပြီး ကြိုးစားခဲ့ပါတယ်။ ဒါကို ပရော်ဖက်ရှင်နယ်ဆန်မှုလို့ ခေါ်တာပါ" လို့ ပေါ်တူဂီလူမျိုးနည်းပြက ပြောပါတယ်။
"သူ မာဆေးလ်အသင်းဆီ ပြောင်းသွားတုန်းကကော သစ္စာဖောက်ဖြစ်ခဲ့လို့လား။ ဘာကို သစ္စာဖောက်တာလဲ။ သူ ကျွန်တော့်ကို တခြားနည်းလမ်းနဲ့ ဆဲဆိုခဲ့မယ်ဆိုရင်တောင် ကျွန်တော် လက်ခံနိုင်ပါသေးတယ်။ ဒါပေမဲ့ အခုဟာက ကျွန်တော် အရမ်းတန်ဖိုးထားတဲ့ပရော်ဖက်ရှင်နယ်ဆန်မှုအပေါ် တိုက်ခိုက်တဲ့လုပ်ရပ်လို့ပဲ မြင်ပါတယ်" လို့ မော်ရင်ဟိုက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။