ဗလာဟိုဗစ်ရဲ့နေရာ ဘယ်သူကိုအစားထိုးမလဲလို့ အသင်းဟောင်းဆီ မေးခွန်းထုတ်လိုက်တဲ့ ဘီနက်တီ
ဂျူဗင်တပ်စ်နောက်ခံလူဟောင်းဘီနက်တီက တိုက်စစ်မှူးဗလာဟိုဗစ်ကို စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာ ဆက်ထိန်းထားသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဆားဘီးယားတိုက်စစ်မှူးရဲ့စာချုပ်သက်တမ်းက အခုဘောလုံးရာသီကုန်ဆုံးချိန် ပြည့်မြောက်ဖို့ရှိနေလို့ လာမယ့်နွေရာသီမှာသာ ဗလာဟိုဗစ်ကို ထွက်ခွာခွင့်ပြုမယ်ဆိုရင် သူ့ရဲ့နေရာကိုအစားထိုးဖို့ဆိုတာ အတော်လေးခက်ခဲလိမ့်မယ်လို့ ဘီနက်တီက အခိုင်အမာပြောဆိုခဲ့ပါတယ်။
Radio Bianconera နဲ့အင်တာဗျူးမှာ ဘီနက်တီက "အသင်းမှာ ဒူဆန်ဗလာဟိုဗစ် ဆက်ရှိနေမလားဆိုတာတော့ ကစားသမားနဲ့ ကလပ်အသင်းအကြား နှစ်ဦးနှစ်ဖက်သဘောထားအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အဓိကကတော့ တိုက်စစ်မှူးကိုယ်တိုင် အသင်းရဲ့ယုံကြည်မှုအပြည့်အဝရနေရဲ့လားဆိုတာ သိနေဖိုပါပဲ" လို့ ပြောပါတယ်။
"ဗလာဟိုဗစ်က ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး သူ့ကို အစားထိုးဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေရှိနေတဲ့ ဂျူဗင်တပ်စ်အတွက် ပိုခက်ပါလိမ့်မယ်။ သူ့လိုကစားသမားမျိုး အသင်းမှာရှိနေပြီးသားဖြစ်တဲ့အတွက် သူ့အပေါ်မှာပြန်အာရုံစိုက်တာက ပိုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်" လို့လည်း ဆိုပါတယ်။
ရိုးမားနဲ့ တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်အပြီးမှာလည်း ဘိုနက်တီက " ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဂျူဗင်တပ်စ်က နည်းပြတွေရော၊ ကစားသမားတွေပါ အများကြီးပြောင်းလဲခဲ့ပါတယ်။ ငွေကြေးတွေ အမြောက်အမြားရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ တည်ငြိမ်တဲ့ရလဒ်ကောင်းတွေ မရခဲ့ပါဘူး"
"နိုင်ပွဲရဖို့က ဘယ်လောက်အရေးကြီးတယ်ဆိုတာသိပေမဲ့ အသင်းမှာ စိတ်ရှည်သည်းခံမှု အားနည်းနေတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ အသင်းစီမံခန့်ခွဲသူတွေကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေတဲ့ပုံစံမျိုး ပြသနေပါတယ်။ နည်းပြအပြောင်းအလဲလုပ်တိုင်း အသစ်ပြန်စနေရသလို ဖြစ်နေပါတယ်။ ရလဒ်တွေ မတည်ငြိမ်သေးပေမဲ့ ကစားပုံအရဆိုရင်တော့ စပယ်လက်တီကိုပဲ အသင်းမှာဆက်ထိန်းထားတာ ပိုသင့်တော်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။