ရာမာဒန်ဥပုသ်ထွက်ချိန် ပွဲခေတ္တရပ်နားမှုကို လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေကို ဖာကီပြင်းပြင်းထန်ထန်ဝေဖန်
ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ လိဒ်တို့ပွဲစဉ်မှာ ကစားသမားတွေ ရာမာဒန်ဥပုသ်လထွက်ဖို့အတွက် ပွဲခေတ္တရပ်နားချိန်မှာ လှောင်ပြောင်အော်ဟစ်ခဲ့တဲ့ ပရိသတ်တွေကို လိဒ်ယူနိုက်တက်အသင်းနဲ့နည်းပြ ဒန်နီယယ်ဖာကီတို့က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ရာယန်ချာကီ၊ ရာယန်အစ်နူရီနဲ့ အိုမာမာမွတ်ရှ်တို့လို ဥပုသ်စောင့်နေတဲ့ ကစားသမားတွေ ဥပုသ်ထွက်နိုင်ဖို့အတွက် ပွဲကိုခေတ္တရပ်နားပေးခဲ့ချိန်မှာ လိဒ်ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြတာပါ။
ကွင်းအတွင်းက စခရင်တွေမှာ ကစားသမားတွေ ဥပုသ်ထွက်နိုင်ဖို့ ပွဲကို ခေတ္တရပ်နားမယ်လို့ အကြောင်းကြားစာတွေ ပြသပေးခဲ့ပေမဲ့လည်း ပရိသတ်အများအပြားက မလေးမစားပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ နည်းပြ ဒန်နီရယ်ဖာကီက ပြောပါတယ်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုပွဲခေတ္တရပ်နားတာကို မလေးမစားလုပ်ခဲ့ကြတာမှန်ရင် ဒါဟာ ကျွန်တော်တို့အားလုံး သင်ခန်းစာယူရမယ့် အချက်ပဲလို့ ပြောရပါလိမ့်မယ်။ ပွဲကစားနေချိန်မှာတော့ ဒီလို ခေတ္တရပ်နားတာက လူတိုင်းအတွက် အံ့အားသင့်စရာ ဖြစ်သွားခဲ့လို့ ကျွန်တော်လည်း သတိမထားမိခဲ့ပါဘူး" လို့ ၎င်းက ဆိုပါတယ်။
BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ လိဒ်အသင်းရဲ့ ပရိသတ်ဆက်ဆံရေးအရာရှိက ပေးပို့တဲ့ အီးမေးလ်မှာတော့ "ဖြစ်ပွားခဲ့တဲ့ အခြေအနေကို အသင်းက သိရှိပြီးပါပြီ။ ဥပုသ်စောင့်နေတဲ့ ကစားသမားတွေ ဥပုသ်ထွက်ဖို့ ပွဲရပ်နားချိန်မှာ ပရိသတ်တချို့က လှောင်ပြောင်ခဲ့ကြတာဟာ တကယ့်ကို စိတ်ပျက်စရာ ကောင်းပါတယ်။ အခုလို ဘာကြောင့်ဖြစ်ခဲ့ရလဲဆိုတာကို အသင်းက စုံစမ်းစစ်ဆေးနေပြီး နောင်မှာ ဒီလိုမျိုး ထပ်မဖြစ်အောင် ဘာတွေလုပ်ဆောင်ရမလဲဆိုတာကိုလည်း စီစဉ်နေပါတယ်" လို့ ရေးသားထားပါတယ်။