The network connection is lost.

Banner Image

ဖရိုင်းဘတ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပေါ် မိုချန်ဂလာဘတ်နည်းပြပိုလန်စကီးရဲ့ တုံ့ပြန်မှတ်ချက်ပေး

ဖရိုင်းဘတ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မိုချန်ဂလာဘတ်အသင်းရဲ့တုံ့ပြန်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိုချန်ဂလာဘတ်က ဖရိုင်းဘတ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့လို့ နောက်ထပ်စိတ်ပျက်စရာရလဒ်နဲ့ ထပ်မံကြုံတွေ့ခဲ့ရပြန်ပါတယ်။
ပွဲကစားချိန် ၈၅ မိနစ်မှာ တာဘာကိုဗစ်က ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူပေးခဲ့ပေမဲ့ မိုချန်ဂလာဘတ်အတွက်တော့ ဒီဂိုးကို နှစ်သိမ့်ဂိုးအဖြစ်သာ ယူဆနိုင်ပြီး နောက်ထပ်နာကျင်စရာရှုံးနိမ့်မှုတစ်ခုကို လက်ခံခဲ့ရပါတယ်။ ဒါဟာ သူတို့အတွက် ခုနစ်ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးမှုဖြစ်ပြီး အမှတ်ပေးဇယားရဲ့ တန်းဆင်းဇုန်နားအထိ ရောက်ရှိသွားမယ့်အရေးကို စိုးရိမ်တကြီးစောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။

မိုချန်ဂလာဘတ်နည်းပြပိုလန်စကီးကတော့ အခုလိုပဲ ပွင့်ပွင့်လင်းလင်းသုံးသပ်ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အသင်းရဲ့အနိုင်လိုချင်တဲ့စိတ်ဓာတ်ကိုတော့ မေးခွန်းမထုတ်လိုပါဘူး၊ ဒါပေမဲ့ ဘောလုံးဆိုတာ ရလဒ်က အဓိကဖြစ်ပြီး အခုချိန်မှာ ကျွန်တော်တို့အတွက် ရလဒ်ကောင်းတွေ မရရှိသေးပါဘူး။ အထူးသဖြင့် ပထမပိုင်းမှာ ဖြတ်တင်ဘောပေးဖို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမဲ့ လိုအပ်တာထက် ပိုပြီး ရှုပ်ထွေးအောင် လုပ်မိခဲ့ကြပါတယ်။ ဖြတ်တင်ဘောတွေက နောက်ကျနေတာ ဒါမှမဟုတ် တိကျမှုမရှိတာမျိုးတွေ ဖြစ်ခဲ့သလို ဂိုးဧရိယာထဲမှာလည်း ကစားသမားအင်အား အလုံအလောက် မရှိခဲ့ပါဘူး။

ကျွန်တော်တို့တွေ ဒီထက်ပိုပြီး ထိထိရောက်ရောက်၊ ရည်မှန်းချက်ရှိရှိ ကစားဖို့ လိုအပ်ပါတယ်။ အမှတ်ပေးဇယားအခြေအနေက အန္တရာယ်ရှိနေပြီဆိုတာ သိသလို ရှေ့လာမယ့်ပွဲစဉ်တွေမှာ ဘာတွေလုပ်ပြရမယ်ဆိုတာကိုလည်း သိပါတယ်။ နောက်ဆုံးမှာတော့ ဘယ်လိုပုံစံနဲ့ပဲကစားကစား၊ အခုချိန်မှာ ရလဒ်ကောင်းတွေ ထွက်လာဖို့ကပဲ အရေးကြီးပါတယ်" လို့ ပြောခဲ့ပါတယ်။

ဂိုးသွင်းယူပေးခဲ့တဲ့ တာဘာကိုဗစ်ကလည်း သူ့ရဲ့နည်းပြနည်းတူ စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပြီး အသင်းရဲ့ လက်ရှိအခြေအနေအရ ခုထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး လိုအပ်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။

"ဒီရှုံးနိမ့်မှုက တကယ်ကို နာကျင်ရပါတယ်။ ပွဲစဉ်နောက်ဆုံးမိနစ်တွေမှာ ချေပဂိုးရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး အဲ့ဒီအချိန်မှာတော့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ခြုံငုံကြည့်ရင်တော့ ဒါဟာ မလုံလောက်သေးပါဘူး။ ကျွန်တော်တို့တွေ ပွဲစတင်လာပြီဆိုကတည်းက ဒီလိုမျိုး ကစားသွားရပါမယ်။ ဂိုးဧရိယာထဲဆီ ဘောလုံးတွေ ပိုရောက်အောင် ပို့ရမယ်၊ ခံစစ်ကို ပိုကောင်းအောင် ကစားရမယ်၊ ဒီလို ရိုးရှင်းတဲ့ ဂိုးမျိုးတွေကိုလည်း ပေးလိုက်လို့ မဖြစ်ပါဘူး။

လက်ရှိမှာ ကျွန်တော်တို့ရဲ့တိုက်စစ်က ပြိုင်ဘက်ကို လုံလောက်တဲ့ခြိမ်းခြောက်မှုတွေ မပြုလု်ပနိုင်သေးပါဘူး၊ အဲ့ဒါကြောင့်ပဲ အခုလိုရလဒ်တွေ ထွက်ပေါ်လာရတာပါ။ အမှတ်ပေးဇယားအခြေအနေကို သိနေတာကြောင့် ကျွန်တော်တို့ ရမှတ်တွေစုဆောင်းဖို့ အမြန်ဆုံးစတင်ကြိုးစားရပါမယ်" လို့ ဆိုပါတယ်။

မိုချန်ဂလာဘတ်က လာမယ့်စနေနေ့၊ အိမ်ကွင်းမှာ ယူနီယံဘာလင်ကို ဧည့်ခံကစားရပါမယ်။