ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့မယ်လို့ ကောလာဟလတွေထွက်နေပေမယ့် အေစီမီလန်မှာပဲ ဆက်နေချင်တဲ့ လီယာအို
ပရီးမီးယားလိဂ်ကလပ်တွေနဲ့ အမြဲလိုလို သတင်းတွေ ထွက်ပေါ်နေပေမဲ့ ရာဖေးလ် လီယာအိုကတော့ အနာဂတ်မှာ အေစီမီလန်အသင်းမှာပဲ ဆက်နေဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ စီးရီးအေ ချန်ပီယံဆုကို အပြိုင်အဆိုင် လုနေတဲ့ အေစီမီလန်အသင်းအတွက် ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားပြီး စီးရီးအေ ပွဲစဉ် ၁၉ ပွဲမှာ ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ သတင်းထောက် Daniele Longo ရဲ့ အဆိုအရ လီယာအိုဟာ အေစီမီလန်မှာ ပျော်ရွှင်နေပြီး ကလပ်အသင်းဘက်ကလည်း သူ့ရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လီယာအိုဟာ နှစ်တော်တော်များများမှာ ပရီးမီးယားလိဂ် ကလပ်အသင်း အတော်များများနဲ့ သတင်းတွေ ထွက်ခဲ့ဖူးပေမဲ့ တကယ်တမ်း ပြောင်းရွှေ့မှုကတော့ တစ်ခါမှ ဖြစ်မလာခဲ့ပါဘူး။