The network connection is lost.

Banner Image

ဂျီရိုနာကိုရှုံးနိမ့်ခဲ့ပေမယ့် ဆင်ခြေတွေမပေးလိုကြောင်း ပြောကြားလာတဲ့ ဟန်စီဖလစ်ခ်

တနင်္လာနေ့ညက ဂျီရိုနာနဲ့ပွဲမှာ သူတို့အသင်းဟာ အနိုင်ရဖို့ မထိုက်တန်ခဲ့ဘူးလို့ ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က ဝန်ခံပြောကြားလိုက်ပါတယ်။

အဆိုပါပွဲစဉ်မှာ ဂျီရိုနာက ဘာစီလိုနာကို ၂-၁ ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ယူခဲ့တာဖြစ်ပြီး ဖရန်ဘယ်ထရန်က ပွဲပြီးခါနီး ၈၆ မိနစ်မှာ အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။ ဧည့်သည်ဘာစီလိုနာအသင်းအတွက် လာမင်းယာမလ်က ပင်နယ်တီတစ်လုံး လွဲချော်ခဲ့ပါသေးတယ်။

ပွဲအပြီးမှာ ဖလစ်ခ်က "ကျွန်တော်တို့ အခုအချိန်မှာ အခြေအနေ သိပ်မကောင်းဘူး၊ အထူးသဖြင့် ခံစစ်အကူးအပြောင်းအပိုင်းတွေမှာပါ။ သူတို့ရော ကျွန်တော်တို့ပါ အခွင့်အရေးတွေ ရခဲ့ကြပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက "ကျွန်တော်တို့ရဲ့ နေရာယူပုံတွေ၊ အထူးသဖြင့် ကွင်းလယ်ပိုင်းမှာ နေရာယူပုံက မကောင်းခဲ့ပါဘူး။ ကွက်လပ်တွေ အရမ်းများနေခဲ့တယ်။ ကျွန်တော်တို့ စိတ်အေးအေးထားဖို့ လိုပါတယ်။ အမှားတွေလည်း အများကြီး လုပ်ခဲ့မိတယ်။ ရှေ့မှာ ပြင်ဆင်ဖို့ အချိန်တစ်ပတ်လုံး ရှိသေးတာမို့ ကစားသမားတွေ စိတ်လက်ပေါ့ပါးသွားစေဖို့နဲ့ ပြန်လည်ပြင်ဆင်နိုင်အောင် နှစ်ရက် အနားပေးသွားမှာပါ။ သွားရမယ့်လမ်းက အဝေးကြီး ကျန်ပါသေးတယ်၊ အခုချိန်မှာ ကျွန်တော်တို့က ဒုတိယနေရာမှာ ရှိနေပါတယ်" လို့ ဆိုပါတယ်။

ပွဲရဲ့ အငြင်းပွားစရာ အချက်တစ်ခုကတော့ ဘယ်ထရန် သွင်းယူခဲ့တဲ့ ဂျီရိုနာရဲ့ နောက်ကျအနိုင်ဂိုးဖြစ်ပါတယ်။ အဲဒီဂိုးမသွင်းခင် အခြေအနေမှာ ဂျူးလက်စ်ကွန်ဒီကို ကလော်ဒီယို အီချီဗာရီက ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်လို့ ဘာစီလိုနာဘက်က ယူဆနေကြတာပါ။

ဒါနဲ့ပတ်သက်ပြီး ဖလစ်ခ်က "ခင်ဗျားတို့ရော ဘယ်လိုထင်လဲ။ ပြစ်ဒဏ်ဘောဖြစ်သင့်တယ်လို့ ထင်တယ်မဟုတ်လား။ ဒါကို ထပ်ပြီး ပြောနေစရာ မလိုတော့ပါဘူး" လို့ ပြောပါတယ်။

"တကယ်လို့ ကျွန်တော်တို့သာ ကောင်းကောင်း ကစားနိုင်ခဲ့ရင် ဒီဆုံးဖြတ်ချက်ကို ကျွန်တော် ဝေဖန်မိမှာပါ။ ဒါပေမဲ့ အခုတော့ ဒါကို ဆင်ခြေတစ်ခုအနေနဲ့ မသုံးချင်ပါဘူး။ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး ပိုကောင်းအောင် ပြင်ဆင်သွားဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ရဲ့ တကယ့် စွမ်းဆောင်ရည်တွေကို အပြည့်အဝ မပြသနိုင်သေးပါဘူး။ အကောင်းဆုံး ပုံစံဆီ ပြန်ရောက်အောင် ကြိုးစားရမှာဖြစ်သလို ပီဒရီနဲ့ ရက်ရှ်ဖို့ဒ်တို့လို ကစားသမားတွေလည်း မကြာခင် ပြန်ပါလာတော့မှာပါ" လို့ ဖလစ်ခ်က ပြောကြားသွားခဲ့ပါတယ်။