ဖီယင်နုအသင်းထံ ရာသီကုန်အထိ ခြောက်လစာချုပ်နဲ့ပြောင်းရွှေ့သွားတဲ့ စတာလင်
ချဲလ်ဆီးနဲ့ မန်စီးတီး တိုက်စစ်ကစားသမားဟောင်း ရာဟင်မ်စတာလင်ဟာ ဒတ်ခ်ျကလပ် ဖီယင်နုအသင်းထံ ရာသီကုန်အထိ ကစားဖို့အတွက် ပြောင်းရွှေ့သွားပါတယ်။
အင်္ဂလန်လက်ရွေးစင် စတာလင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ချဲလ်ဆီးအသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ ၁၈ လစာ စာချုပ်သက်တမ်းအတွက် တစ်ပတ်ကို ပေါင် ၃ သိန်းကျော်တန်ကြေးရှိတဲ့ လျော်ကြေးငွေကို အသင်းနဲ့ သဘောတူညီမှု ရယူပြီးနောက်မှာ အခုလို ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် စတာလင်ဟာ ပြောင်းရွှေ့မယ့် အသင်းအတွက် အခွင့်အလမ်း တော်တော်များများကို အချိန်ယူ စဉ်းစားခဲ့ပြီးမှ ယူနိုက်တက်နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီ ကိုင်တွယ်နေတဲ့ ဖီယင်နုအသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဖီယင်နုအသင်းဟာ လက်ရှိ ဒတ်ခ်ျလိဂ်ဇယားရဲ့ အဆင့် ၂ နေရာမှာ ရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
စတာလင်က"အခုလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်လာတဲ့အခါမှာ ကျွန်တော့်ရဲ့ နောက်ထပ်ခြေလှမ်းကို ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို အကြာကြီးနေမှ တစ်ခါ ပြန်ရခဲ့တာပါ။ ကျွန်တော့်ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်မှာ ကျွန်တော့်ကို ဘယ်လိုအခန်းကဏ္ဍကနေ သုံးချင်တာလဲဆိုတာ သိရဖို့နဲ့ ကျွန်တော့်ဘက်ကလည်း အသင်းအတွက် တကယ် အသုံးဝင်မယ့်သူ ဖြစ်ဖို့အတွက် ကလပ်အသင်းတွေ၊ နည်းပြတွေနဲ့ အသေအချာ စကားပြောကြည့်ချင်ခဲ့တာပါ။ ရော်ဘင်နဲ့ အသေးစိတ် စကားပြောကြည့်ပြီးတဲ့နောက်မှာတော့ ဖီယင်နုဟာ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ အသင်းအတွက် အရေးပါတဲ့သူ တစ်ယောက်အဖြစ် ကစားနိုင်မယ့် နေရာဖြစ်တယ်ဆိုတာ ယုံကြည်သွားပါတယ်။ ပြည်ပမှာ သွားကစားရတာက ကျွန်တော့်အတွက်တော့ စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်ပေမဲ့ ဒါကို ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ။ တကယ်တော့ ကျွန်တော် အခုပဲ စကစားချင်နေပါပြီ။"လို့ ပြောခဲ့ပါတယ်။
ဖီယင်နုအသင်းဟာ ဇယားထိပ်က ပီအက်စ်ဗွီအသင်းနဲ့ ၁၇ မှတ်အထိ ကွာဟနေပါတယ်။
ဗန်ပါစီကလည်း "စတာလင်လို အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ကို ကျွန်တော်တို့အသင်းဆီ လာဖို့ ဖျောင်းဖျနိုင်ခဲ့တာက တကယ့်ကို ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခုပါပဲ။ သူ့ရဲ့ ကစားသမားဘဝ ဖြတ်သန်းမှုတွေက သူ့အကြောင်းကို သက်သေပြနေပါတယ်။ သူဟာ ပွဲရလဒ်ကို ပြောင်းလဲပေးနိုင်တဲ့ အရည်အချင်းရှိသူ ဖြစ်တာကြောင့် ဒီရာသီရဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် အသင်းကို အများကြီး အထောက်အကူပြုမယ့်သူ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
BBC Sportရဲ့ဖော်ပြချက်အရ စတာလင်ကို ခေါ်ယူဖို့ အင်္ဂလန်နဲ့ ဥရောပကအသင်း ၁၈ သင်းလောက်က စိတ်ဝင်စားခဲ့ကြတယ်လို့ သိရပါတယ်။