The network connection is lost.

Banner Image

ပလိုင်းမောက်နဲ့ပွဲစဉ်ရဲ့ ပယ်နယ်တီပြစ်ဒဏ်အတွက် ဒေါသအိုးပေါက်ကွဲခဲ့တဲ့ အယ်လီယော့

လီဗာပူးကွင်းလယ်ကစားသမား အယ်လီယော့က ယမန်နေ့ညပိုင်း၊ အက်ဖ်အေဖလားစတုတ္ထအဆင့်ရှုံးပွဲမှာ ပလိုင်းမောက်အသင်းရရှိခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်အတွက် ဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။ တနင်္ဂနွေညပိုင်းပွဲစဉ်မှာ ပလိုင်းမောက်က ပွဲထွက်လူစာရင်းပိုင်းအပြောင်းအလဲကြီးကြီးမားမားပြုလုပ်လာတဲ့ ပရီးမီးယားလိဂ်ဦးဆောင်သူတွေကို ရိုင်ယန်ဟာဒီးရဲ့ ပွဲချိန် ၅၃ မိနစ် ပယ်နယ်တီသွင်းဂိုးနဲ့အတူ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ သမိုင်းဝင်အောင်ပွဲတစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်။ ပလိုင်းမောက်ရဲ့တိုက်စစ်ဆင်လာမှုကို အယ်လီယော့တားဆီးရာမှာ ဘောလုံးကို လက်နဲ့ထိခဲ့ရာမှတဆင့် သူတို့အတွက် ပယ်နယ်တီအခွင့်အရေး ပေါ်ပေါက်လာခဲ့တာပါ။

အခုအဖြစ်အပျက်မှာ ဘောလုံးက မြှောက်ထားတဲ့ အယ်လီယော့ရဲ့လက်ဆီ လာထိတယ်လို့ ရုပ်သံမှတဆင့် အကြိမ်ကြိမ်ပြသခဲ့ပြီး ကစားသမားကိုယ်တိုင်လည်း ဒီပယ်နယ်တီအခွင့်အရေးကို ပြိုင်ဘက်ဆီ မပေးသင့်ဘူးလို့ ယူဆနေခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုရရှိထားတဲ့ ပြိုင်ဘက်တိုက်စစ်မှူး ဒါကိုဂါယာဘီနဲ့ အနီးကပ်ဆုံးမှာ ရှိနေလို့ အခုလိုကာကွယ်မှုမျိုးဖြစ်လာတယ်ဆိုတဲ့ အမြင်မျိုးရှိပေမယ့် ပြိုင်ပွဲအတွင်းမှာတော့ ဒီအချက်ကို ထည့်သွင်းစဉ်းစားဖို့ မလိုအပ်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အယ်လီယော့က “အရိုးသားဆုံးပြောရရင် အငြင်းအခုံတွေက ထာဝရ ဆက်ရှိသွားနိုင်ပါတယ်။ ကျွန်တော်က ဂါယာဘီနဲ့ အနီးဆုံးမှာရှိနေပြီး ကွင်းလယ်ဒိုင်ကိုလည်း ကျွန်တော်က ကိုယ့်ရဲ့လက်နှစ်ဖက်ကို ခန္ဓာကိုယ်မှာကပ်ပြီး ခေါင်းခုန်တိုက်တာမျိုး မျှော်လင့်ထားတာလား? အဲ့ဒါက သဘာဝကျတဲ့ခုန်နည်းမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော်က ဘောလုံးကိုတားဆီးနိုင်ဖို့သာ အပြင်းအထန်ကြိုးစားခဲ့ပြီး ကျွန်တော့်ရဲ့လက်တွေ မြှောက်ထားမိတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဘောလုံးကန်လိုက်တဲ့ပြိုင်ဘက်နဲ့ တစ်မီတာလောက်အကွာအဝေးမှာ ဖြစ်ပျက်ခဲ့တာပါ။ ဒါပေမယ့် ဒါက ဘောလုံးလောကပါပဲ၊ အမှန်တကယ်စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။ အခုလိုပုံစံမျိုးနဲ့ ရှုံးနိမ့်ရတာ စိတ်ပျက်စရာကောင်းသလို ကျွန်တော်ကိုယ်တိုင် ပယ်နယ်တီပေးလိုက်သလိုဖြစ်ခဲ့လို့ သိပ်တော့ အဆင်မပြေလှပါဘူး။ ကံမကောင်းစွာနဲ့ဘဲ ဒါကလည်း အကြောင်းချင်းရာများစွာအနက် တစ်ခု ဖြစ်ခဲ့ပါတယ်။  ကျွန်တော့်အတွက် ခေါင်းမော့ရင်ကော့ကာ ရှေ့ဆက်နိုင်ဖို့ လိုအပ်နေပါပြီ”လို့ ပြောပါတယ်။

လီဗာပူးအသင်းက အခုလိုအရှက်တကွဲရှုံးနိမ့်မှုကို အမြန်ဆုံးကျော်ဖြတ်သွားနိုင်ဖို့အတွက် မျှော်လင့်နေပါလိမ့်မယ်။ သူတို့တွေက လာမယ့်ဗုဒ္ဓဟူးနေ့မှာ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။